သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

CERP အရ ကျောက်ပန်းတောင်း မြို့နယ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

            Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်”(CERP)အရ ဆောင်ရွက်သော၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူ များ အား မျိုးစေ့ဘိုး နှင့် အပင်ပြုစုစရိတ် ကြေးငွေများ ထောက်ပံ့ ပေးအပ်ပွဲကို ဩဂုတ်လ (၂၄)ရက်နေ့ ညနေ(၃)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်းကျေးရွာ ကြက်မောက်တောင်ဆည် ရှင်းလင်းဆောင် ၌ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း နှင့် ခရိုင် မြို့နယ် အဆင့်တာဝန်ရှိသူများ ၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူ များ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော် က နှစ်အလိုက်မိုးရွာသွန်းမှုအခြေ   အနေ နှင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က စိုက်ပျိုးရေးဦးစီးဌာန ၏ Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်”(CERP) လုပ်ငန်းစဉ်များ ၊ မိုးစပါး မျိုးစေ့ထုတ် တောင်သူများ အား မျိုးစေ့ဘိုးနှင့်အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ ပေးအပ် ရသည့် ရည်ရွယ်ချက်များ နှင့် ထောက်ပံ့ပေးအပ်နိုင်မှု အခြေအနေများ ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း က  တိုင်းဒေသကြီး အတွင်း CERP အစီအစဉ်အရ ထောက်ပံ့ပေးနေမှုအခြေအနေများ ကို လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့် အခြေအနေများကိုလည်းကောင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးမင်းအောင် က စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်တာဝန်ရှိသူများအပိုင်းက ကူညီဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ဦးစီးမှူး နှင့် ခရိုင်၊မြို့နယ်တာဝန်ရှိသူများက  မိုးစပါးမျိုးစေ့ထုတ် တောင်သူများ အား အုပ်စုအလိုက် ထောက်ပံ့ကြေးငွေများ ပေးအပ်ကြရာ တောင်သူများကိုယ်စား တောင်သူ တစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။            ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူ (၂၃၉)ဦး ၏ စိုက်ပျိုးဧက(၂၂၁)ဧက အ တွက်၊ ပထမအကြိမ် တစ်ဧကလျှင် မျိုးစေ့ဘိုး ၈၅၀၀ကျပ်နှင့် အပင်ပြုစုစရိတ် ၇၅၀၀၀ ကျပ် စုစုပေါင်း (၈၃၅၀၀)ကျပ်နှုန်းဖြင့်  ထောက်ပံ့ငွေ စုစုပေါင်း (၁၈၄၅၃၅၀၀)ကျပ် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။