ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ CERP လုပ်ငန်းများကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ သည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မင်းလှ-စစ်ကွင်း တာဆုံ ၌ ကံတင်-ဘီးလင်း ရေသောက်ဧရိယာရှိ တောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချ သူများအဖွဲ့ (Water Utilizer Group-WUG)ဝင်များနှင့် တွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင် နေမှုအခြေအနေများအား မေးမြန်းပြီး အားပေးစကားပြောကြားသည်။ထို့နောက် မင်းလှမြို့နယ် ၊ ရွှေဝါမြိုင် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေး စခန်း ၌ တောင်သူလယ်သမား အဖွဲ့အစည်းများဖြစ်သည့် စိုက်ပျိုးစီးပွား သမ ဝါယမ အသင်းစုများ၊ ရိတ်သိမ်း ချွေလှေ့စက်ပိုင်ရှင်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းရှင်များ၊ အကျိုးဆောင် တောင်သူများ၊ မျိုးစေ့ ထုတ် တောင်သူများ နှင့်တွေ့ဆုံရာ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင် က ပဲခူးတိုင်း ဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး အတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲဆောင်ရွက်နေမှု အခြေ အနေ များ ကိုလည်းကောင်း၊ ဥပဒေ၏ ရည်ရွယ်ချက် အနှစ်သာရနှင့် အကျိုးကျေးဇူးများ ကို လည်းကောင်း၊ တောင်သူများဘက်က ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီး ဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ် တို့က CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ကြေးများ ကို ပေးအပ် ခဲ့သည်။ ထို့နောက် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် အရောင်းစင်တာတွင် ခင်းကျင်း ပြသ ထား သည့် သီးနှံ အမယ်စုံအား ကြည့်ရှု အားပေးသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီး နှင့် အဖွဲ့သည် မင်းလှမြို့နယ်၊ သဲကောကျေးရွာ၌ Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားမှုများ နှင့် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြ ကြသည်။ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်း စိုက်ပျိုးရေး ဆိုင်ရာ လူထုအခြေပြုလေ့လာရေးစခန်း တွင် ဒေသနေ တောင်သူလယ်သမားများ နှင့်တွေ့ဆုံ ဆွေးနွေး ပြီး CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ ထံ ထောက်ပံ့ငွေ နှင့် ငါးမွေး တောင်သူများထံ ငါးသားပေါက်များကို ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီး နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။၎င်းနောက် စံနမူနာပြ RS-CS မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးသည်။ ပဲခူးတိုင်း ဒေသကြီး ၊ သာယာဝတီခရိုင် တွင် ယနေ့အထိ မိုးစပါး ၆၇၃၆၁၂ ဧက ၊ CERP အရ မိုးစပါး မျိုးစေ့ထုတ် ၁၀၂၀၅.၅ဧက စိုက်ပျိုးပြီးဖြစ်သည်။ဆက်လက်၍ ပေါင်းတည်မြို့နယ်၊ ကုက္ကိုလ်ကုန်း‌ကျေးရွာ Cash For Work စီမံကိန်းဖြင့် ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ထားမှုများကို ကြည့်ရှုအားပေးပြီး ဒေသနေ ‌ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် သပြေကုန်းကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာရေး စခန်း တွင် တောင်သူလယ်သမားအဖွဲ့ အစည်း ခေါင်းဆောင်များနှင့်လည်းကောင်း၊ RGY-11 လက်ယာ မြောင်း (၁၄၆ မိုင်၇ ဖာလုံ)တွင် ရေအသုံးချသူများအဖွဲ့(WUG) နှင့် လည်းကောင်း တွေ့ဆုံ၍ တောင်သူ လယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက် နေမှု အခြေအနေများ ကိုလည်းကောင်း၊ Covid-19 ဖြတ်ကျော်ကာလ လယ်ယာ ကုန်ထုတ် လုပ်ငန်းများ ထိခိုက်မှု မဖြစ်ပေါ်စေရေး နှင့် Covid အလွန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။