စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း သို့ရောက်ရှိကြပြီး ၊ အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ် (၁၅/၂၀၁၉–၂၀၂၀) တက်ရောက်နေကြသည့် သင်တန်းသူ၊ သင်တန်းသားများအား တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး က သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီး က နှုတ်ခွန်း ဆက်စကား ပြောကြားရာ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်တောင်သူများ အတွက် အသုံးချ နည်းပညာ၊ အသိပညာ ဗဟုသုတများ တိုးမြှင့်ပေးနိုင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် လယ်ယာမြေများ နှင့်ပတ်သက်၍ စီမံဆောင်ရွက်ပေးနိုင်ရန် တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်မြှင့်တင်ရေး ဥပဒေနှင့်အညီ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့်စနစ်၊တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များ ဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို မျှော်မှန်းပြီးတောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အရတောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး အတွက် တောင်သူ လယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲလျက်ရှိပါကြောင်း၊ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သောလယ်ယာ ကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်မှု ကို အထောက်အကူ ဖြစ်စေရန် ဆိုသည့် အချက်ကို မိမိတို့ဝန်ကြီးဌာန ၏ မျှော်မှန်းချက်အဖြစ် ထား ဆောင်ရွက်မှုအပေါ် သက်ဆိုင်သူအားလုံးတို့ကပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ၊ ကျေးလက်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က covid-19 ကာကွယ်ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူ၊ သင်တန်းသားကိုယ်စားလှယ်က လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် သင်တန်းဆောင်များ၊ စားရိပ်သာ နှင့် မျိုးစေ့သန့်စင်စက်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း တွင် နိုင်ငံရေးမူဝါဒများ၊ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများ၊လယ်ယာမြေစာရင်းအင်းဆိုင်ရာများ၊ GAP ၊ ဘက်စုံပေါင်းစည်းလယ်ယာစနစ်၊ သီးနှံကာကွယ်ရေး၊မြေဆီလွှာဖွံ့ဖြိုးရေး၊ မျိုးစေ့ဆိုင်ရာများ၊ ဆည်ရေစီမံခန့်ခွဲရေးဆိုင်ရာများ၊ စားသုံးသူရေးရာသိမှတ်ဖွယ်ရာများ၊မွေးမြူရေးဆိုင်ရာများ၊ သမဝါယမ၊ စက်မှုလယ်ယာ နှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာများ သင်ကြားပေးလျက်ရှိပြီး ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သင်တန်း (၁၇)ကြိမ် တွင် သင်တန်းသား ၅၈၀ဦး တို့အားသင်တန်းပေးခဲ့ပြီးဖြစ်သည်။
ယခု ဖွင့်လှစ် သည့် နည်းပညာသင်တန်းပြီးမြောက်သူများသည် မိမိတို့ဒေသ၌ဆင့်ပွားသင်တန်းများ ပြန်လည်ဆွေးနွေး ပို့ချပေးကြခြင်းဖြင့် နည်းပညာပြန့်ပွား စေမည်ဖြစ်ကြောင်း၊ သင်တန်းတွင် တောင်သူများ၏ လက်တွေ့လုပ်ငန်းခွင်အခက်အခဲများကို မေးမြန်းဆွေးနွေး နိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားသည့်နည်းတူ ဆင့်ပွားသင်တန်းများ ပြန်လည်ဆွေးနွေး ပို့ချပေးရာတွင်လည်း အတွေ့အကြုံသစ်များ၊ အခက်အခဲများရှိပါက သင်တန်းကျောင်းနှင့် ဆက်သွယ်ဆောင်ရွက်ပါက ပညာရှင်များက ကူညီပေးလျက်ရှိကြောင်းသိရသည်။