မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်း၏ စီမံကိန်းဦးဆောင်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ က စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စီမံကိန်းဦးဆောင် ကော်မတီ ဥက္ကဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်း ဦးဆောင်ကော်မတီ ဒုတိယဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် နှင့် တာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး၊ Korea Climate Change Center(CCC) မှ Ms. Seohee Jun(မစ္စ ဆိုဟီးဂျွန်)က Video Conferencing ဖြင့် တက်ရောက် ဆွေးနွေးသည်။
စီမံကိန်းဦးဆောင် ကော်မတီ ဥက္ကဌ က ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လျှော့ချနိုင်ခြင်း စသည်တို့ကြောင့် ကျေးရွာသူ/သားများအတွက် အကျိုးရှိသည့် စီမံကိန်းဖြစ်ကာ နိုင်ငံအနေနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်သည့်အတွက် ရရှိလာသည့် Carbon Credit ကို ကိုရီးယားနိုင်ငံမှ ၈၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ ၂၀ ရာခိုင်နှုန်း ခွဲဝေရရှိမည်ဖြစ်ကာ အလုပ် အကိုင် အခွင့်အလမ်းသစ်များ၊ ကျေးရွာသစ်လှုပ်ရှားမှုလုပ်ငန်းများ တိုးတက် ဆောင်ရွက်သွား နိုင် မည်ဖြစ်ပါကြောင်း၊
ကျေးလက်ပြည်သူများထံ လက်ဝယ်ဖြန့်ဖြူးနိုင်ရေး၊ သုံးစွဲနည်း ဆိုင်ရာနှင့် လိုအပ်သော မှတ်တမ်းကောက်ယူခြင်း၊ စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကိုလည်း တာဝန် ကျ ဝန်ထမ်းများက သက်ဆိုင်ရာဒေသအလိုက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုအခါ မြို့နယ်ပေါင်း(၉၂)မြို့နယ်တွင် ၄၈ CPA ၏ Batch A အတွက် မီးဖိုပေါင်း (၈၆၄၀၀၀)ကို ဖြန့်ဝေ ပြီး ဖြစ်ကြောင်း၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများကဲ့သို့ပင် ကျေးရွာတစ်ရွာလျှင် အမေရိကန်ဒေါ်လာ (၂၀၀၀၀)နှုန်းဖြင့် ၂ နှစ်ထောက်ပံ့ကာ ကျေးရွာ (၁၀၅)ရွာအား ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ညှိနှိုင်းမှုများ ပြုလုပ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ စီမံကိန်းဦးဆောင်ကော်မတီ ဒုတိယဥက္ကဌ က စီမံကိန်းဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ထင်းသုံးစွဲမှုလျှော့ချပြီး သစ်တောပြုန်းတီးမှု၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျှော့ချနိုင်သည့်အတွက် နှစ်နိုင်ငံ Carbon Credit များ ရရှိမည့်အခြေအနေများ၊ စီမံကိန်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များတွင် မီးဖိုသုံးစွဲသူများနှင့် စီမံကိန်းဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဘဏ္ဍာ ငွေ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန်များ၊ စီမံကိန်း မှ ရရှိမည့် ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ရွေးချယ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် တိုးတက်မှုအခြေအနေများအား လစဉ် အစီရင်ခံစာ တင်ပြ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က စီမံကိန်းဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ စီမံကိန်းဦးဆောင်ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုကြပြီးနောက် ဆုံးဖြတ်ချက်များအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြသည်။
စိုက်ပျိုးရေးဦးစီးဌာန နှင့် Korea Climate Change Center(CCC) တို့ ပူးပေါင်း၍ စွမ်းအား မြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းကို ၂၅-၃-၂၀၁၉ ရက်နေ့တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း (SMU) ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုတို့တွင် လျှပ်စစ်မီးမရရှိဘဲ ထင်းအဓိက သုံးစွဲ သည့် ကျေးရွာများကို ရွေးချယ်ကာ Components of Project Activities(CPA) (၂၉)ခုဖြင့် စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူး ခြင်းစီမံကိန်းကို (၇)လတာ စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။ စီမံကိန်းတစ်ခုလုံးအနေဖြင့် CPA (၄၈)ခုဖြင့် မီးဖိုဖြန့်ဖြူးခြင်းနှင့် Monitoring and Evaluation လုပ်ငန်းများအပါအဝင် စီမံကိန်းကာလ (၇)နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ် သည်။ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ရှမ်းပြည်နယ်တို့မှ ခရိုင် (၂၀)၏ မြို့နယ် (၉၂)မြို့နယ် စီမံကိန်းဧရိယာရှိ အိမ်ထောင်စုပေါင်း (၁ ဒဿမ ၇၂၈)သန်း အား မီးဖိုပေါင်း (၄ ဒဿမ ၃၂)သန်း ကို ဖြန့်ဖြူးသွားမည်ဖြစ်သည်။ စွမ်းအားမြှင့်မီးဖိုများကို မြန်မာနိုင်ငံ စဉ့်အသင်း က တာဝန်ယူ ထုတ်လုပ်ပေးခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ ကာဗွန်ထုတ် လုပ်မှု လျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များ လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း သိရသည်။