ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော်၊ မွန်ပြည် နယ် နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် CERPလုပ်ငန်းများကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ မွန်ပြည် နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ် ကျုံဟော်ရွာအနီး ရင်းငြိမ်ရေထိန်း တံခါး စီမံကိန်းရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး ဦးသန်းဌေး က ရေထိန်းတံခါး ၏ စိုက်ပျိုးရေ ရရှိရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးပြုနေမှု၊ ရေထိန်း တံခါးများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ၊ ယခင် လျာထားစပါးစိုက်ဧက ၁၂၀၀၀ မှ ယခုအခါ ဧက ၁၅၀၀၀ ကျော်အထိ တိုးတက်စိုက်ပျိုးနေမှုအပေါ် စိုက်ပျိုးရေ ပိုမိုပေးဝေနေမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များ အား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ရင်းငြိမ်ရေထိန်းတံခါးအား ကြည့်ရှုစစ်ဆေးသည်။

ရင်းငြိမ်ရေထိန်းတံခါး တည်ဆောက်ခဲ့ခြင်းကြောင့် ယခုအခါ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ချောင်းဘေးရှိ ရေနက်တွင်း ဧက(၂၀၀၀၀)ကျော်ကို  ပင်လယ်ရေဝင်ရောက်မှုနှင့် မိုး ရာသီ ရေကြီးနစ်မြုပ်ခြင်းကို ကာကွယ်နိုင်ပြီး မိုးနှောင်းရာသီတွင် ရေချိုထိန်းသိမ်းခြင်း၊ နွေ ရာသီ ရေငန်ဝင်ရောက်ခြင်းနှင့် ရင်းငြိမ်ချောင်း၊ ကျုံ‌ဟော်ချောင်း ၊ ကတွန်မြောင်းများ နုန်းတက် ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

ရေဆင်းဧရိယာ ၃၁ ဒဿမ ၂၅ စတုရန်းမိုင် ရှိ ရင်းငြိမ်ရေထိန်းတံခါး သည်  ကွန်ကရစ် ရေထိန်းတံခါးအမျိုးအစားဖြစ်ပြီး ရေနက်ကွင်း စိုက်ပျိုးမြေများ အချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ခြင်း၊ မိုးရာသီ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်းတို့ကြောင့်  တောင်သူလယ်သမားများအတွက် များစွာအကျိုးပြုလျက်ရှိကြောင်း သိရသည်။ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် ကတိုက်ကျေးရွာအနီး ကတိုက် ရေလှောင်တမံ စီမံကိန်း ရှင်းလင်းဆောင်သို့  ရောက်ရှိကြရာ ညွှန်ကြားရေးမှူး ဦးသန်းဌေး က ပေါင်မြို့နယ်အတွင်း လယ်ယာမြေဧရိယာ ဧက (၁၀၀၀၀) အား စိုက်ပျိုးရေ ပေးဝေနိုင်မှု အခြေ အနေများ၊ လျာထားဧရိယာ ဧကထက် အမှန်တကယ် စိုက်ပျိုးဧက ပိုမို များပြားခဲ့သည့်အတွက် ဆည်ရေပေးဝေမှု၏ အားသာချက်၊ အားနည်းချက်များ၊ ရေလှောင်တမံနှင့် ရေသောက်စနစ် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးရာသီ ရေပေးဝေမှုလုပ်ငန်း ဆောင်ရွက် ခြင်းများ၊ ၂၀၂၀ ခုနှစ် မိုးရာသီကာလ တမံများ ကြံ့ခိုင်‌စေရေး၊ ဆည်ရေပြည့်ဝစွာ သိုလှောင် နိုင်ရေး၊ ဝင်ရေထွက်ရေ ထိန်းချုပ်ကာ  ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ ယခု ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စတင် တည်ဆောက်မည့် ပန်းတိန်ကန်ရေထိန်းတံခါးနှင့် ၂၀၂၀-၂၀၂၁ တွင် စတင်တည်ဆောက်မည့် သရက်တောရေထိန်းတံခါး တည်ဆောက်ခြင်းအတွက် လျာထား စီမံမှုများ၊ ကတိုက် ရေလှောင်တမံ၏ စိုက်ပျိုးရေပေးဝေရာတွင် အမှန် တကယ်စိုက်ပျိုး ဧရိယာ သည် နှစ်စဉ်လျာထားစိုက်ပျိုးဧကထက် ပိုမိုစိုက်ပျိုးလေ့ရှိမှုကြောင့် ရေရှည်တည်တံ့သည့် ဆည်ရေသောက်စနစ် ဖြစ်ထွန်းစေရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်နေမှုများ၊ ဆည်ရေ အသုံးပြုသူများအဖွဲ့အား  မူလ(၇)ဖွဲ့မှ ယခုအခါ (၂၄)ဖွဲ့အထိ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများ အား  ရှင်းလင်းတင်ပြသည်။ထို့နောက် ရေဝင်ရေထွက်အခြေအနေများ၊ ရေထိန်းမျှော်စင်မှ ရေထိန်းသိမ်း ဆောင်ရွက် နေမှုများ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ၊ ဆည်ရေသောက်စနစ်ဖြင့် လယ်မြေများအား စိုက်ပျိုးရေပေး ဝေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကတိုက်ရေလှောင်တမံသည် မြေသားတမံအမျိုးအစားဖြစ်ပြီး ရေဆင်းဧရိယာ (၈) စတု ရန်းမိုင်ရှိကာ မူလစီမံကိန်းဧရိယာ ဧက(၁၀၀၀၀)ဖြင့် ရေပေးဝေသည့် တမံဖြစ်သည်။ ၂၀၁၉ ခုနှစ် အောင်ရေပေးဝေပြီး လက်ကျန်သိုလှောင်ရေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးရာသီ လျာထားဧရိယာ ဧက (၁၂၀၀၀)ဖြင့် စိုက်ပျိုးရေပေးဝေခဲ့ရာ အမှန်စိုက် ဧက (၁၃၆၄၉)ဧက အား လုံလောက်စွာ အောင်ရေပေးဝေနိုင်ခဲ့သည်။ မွန်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန အနေဖြင့် သထုံမြို့နယ် ပန်းထိန်ကန်ကျေးရွာ (အုတ်ဖိုချောင်)အနီး ပန်းတိန်ကန် ရေထိန်းတံခါး တည်ဆောက်ရန် စီမံကိန်းအား ၂၀၂၀-၂၀၂၁ခုနှစ်တွင် စတင် အကောင်အထည် ဖော်ကာ(၂၀၂၁-၂၀၂၂)ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားရန် လျာထားပြီး ရေဆင်းဧရိယာ (၃၁ ဒဿမ ၅) စတုရန်းမိုင်၊ ကွန်ကရစ်ရေထုတ် ရေထိန်းတံခါးအမျိုးအစား ဖြစ်ကာ မွန်ပြည် နယ် သထုံမြို့နယ်အတွင်း လယ်မြေဧရိယာ (၁၂၀၀၀)ဧကအား အကျိုးပြုနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

အလားတူ သထုံမြို့နယ်၊ သရက်တောကျေးရွာအနီး သရက်တောရေထိန်းတံခါး တည်ဆောက် ခြင်း စီမံကိန်းအား ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ကာ  ရေဆင်းဧရိယာ (၂၀)စတုရန်းမိုင်၊ ကွန်ကရစ်ရေထုတ် ရေထိန်းတံခါးအမျိုးအစား တည်ဆောက် ရန် လျာထားပြီး အကျိုးပြု ဧရိယာ ဧက(၈၀၀) အတွက် စိုက်ပျိုးရေးပေးဝေနိုင်ရန် မျှော်မှန်း ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင် ပေါင်မြို့နယ် ကတိုက်ကျေးရွာ အုပ်စု၊ ချောင်းဖျားကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် Cash For Work စီမံကိန်းဖြင့် ကျောက်ရော မြေရောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ ‌ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၊ လူထုဗဟိုပြုစီမံကိန်း(CDD) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုများအား ကြည့်ရှု အားပေးသည်။ထို့နောက် ဘီးလင်းမြို့နယ် ဇွဲကလာ‌ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော  မိုးစပါးမျိုးစေ့ထုတ်တောင်သူများ ထံ ထောက်ပံ့ငွေ ပေးအပ်ခြင်း နှင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ ကျိုက်ထိုမြို့နယ် အဘိုင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ Cash For Work စီမံကိန်းဖြင့် ရေနုတ် မြောင်းတူးဖော်ခြင်းနှင့် ကွန်ကရစ်လမ်းပြုပြင်ခြင်း လုပ်ငန်း၊ ‌ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ဖြင့် လုပ်ငန်းခွဲ ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ကျိုက်လှကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော  မိုးစပါးမျိုးစေ့ထုတ်တောင်သူ များထံ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ထားမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။