သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သံတောင်ကြီးမြို့နယ်ရှိ ကော်ဖီစိုက် တောင်သူများ အား ကော်ဖီပျိုးပင် (၃၀၀၀၀)နှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်        


စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံ ဌာနခွဲ နှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံး တို့ ပူးပေါင်း၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကော်ဖီစိုက် တောင်သူများ အတွက် ကော်ဖီ ပျိုးပင် နှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကို ဩဂုတ်လ (၂၀) ရက်နေ့ နံနက်ပိုင်းက ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊  ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ ၊ ပြည်နယ် ဦးစီးမှူး ဦးသန်းထိုက် ၊ မြန်မာနိုင်ငံ ကော်ဖီ အသင်း ဥက္ကဌ နှင့် ကော်ဖီလုပ်ငန်းရှင်များ၊ ဒေသနေ ကော်ဖီစိုက်တောင်သူများ ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကားပြောကြားရာ၌ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်မှု ကို အထောက်အကူ ဖြစ်စေရန် ဆိုသည့် အချက်ကို မိမိတို့ဝန်ကြီးဌာန ၏ မျှော်မှန်းချက်အဖြစ် ထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အဓိကရိက္ခာ ဆန်စပါးဖူလုံ ပိုလျှံရေး သာမက အရည်အသွေး ပြည့်ဝ သည့် သီးနှံစုံ အမယ်စုံ စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများဝင်ငွေ တိုးတက် ရရှိရေး၊ စျေးကွက်ဝယ်လိုအားရှိသော သီးနှံမျိုးများအား စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တို့အတွက် ဌာန ပုဂ္ဂလိက တောင်သူတို့ ပူးပေါင်း ဆောင်ရွက် နိုင်ရေးကိုလည်း မိမိတို့ အလေးထား ဆောင်ရွက် လျက် ရှိကြောင်း၊

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲ သက်ရောက်မှု ၏ နောက်ဆက်တွဲပြဿနာများအပြင် ၊ ကမ္ဘာ့ကူးစက်မြန်ရောဂါ Covid-19 ကြောင့် ထိခိုက်လာနိုင် သည့် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ အပေါ်  သက်ရောက်မှု လျော့ပါးသက်သာစေရေး အတွက် နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဌာနများက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့ အိမ်ခြံဝန်း မြေလွတ်များတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ် လျော့ချနိုင်ပြီး လတ်ဆတ်သည့် မိမိတို့ခြံထွက် သီးနှံများကို အာဟာရပြည့်ဝစွာ စားသုံးတတ်သည့် အလေ့အထကောင်းများ ဆောင်ရွက်ကြစေလိုကြောင်း၊

သံတောင်ကြီးဒေသအနေဖြင့် ကော်ဖီကို စီးပွားဖြစ်  တိုးချဲ့ စိုက်ပျိုးရန် ရေ မြေ ရာသီဥတု အခြေခံကောင်း များစွာရှိသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ကော်ဖီစိုက် တောင်သူများ အတွက် ကော်ဖီ ပျိုးပင် နှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းသည် တောင်သူ မိသားစုများ ၏ လူမှုစီးပွားဘဝများ တိုးတက်ရေး ၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ်ပါကြောင်း၊ နိုင်ငံတကာစျေးကွက်တွင် မြန်မာ့ကော်ဖီ၏ အနံ့ အရသာကို တန်းဝင် ပစ္စည်းအဖြစ် သုံးစွဲ လာမှု နှင့်အတူ အော်ဂဲနစ် ထွက်ကုန် အဖြစ် စျေးကွက်၏ စိတ်ဝင်စားမှုကို ရရှိနေပြီဖြစ်ကြောင်း၊ အလားတူ သံတောင်ကြီးဒေသကို အခြေပြုပြီး အော်ဂဲနစ်ဇုန်တစ်ခုအဖြစ်ထူထောင်၍ မင်းကွတ်၊ ကျွဲကော၊ လိုက်ချီး အစရှိသည့် ဝင်ငွေရသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့် ဒေသတစ်ခု ဖြစ် ပေါ် လာ ရေးအတွက် မိမိတို့ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြားတစ်ဘက် တွင်လည်း ရေမြေ ရာသီဥတု သင့်တော်သည့် ဒေသများ တွင် ကော်ဖီသီးနှံကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နိုင်ကြစေရန် စိုက်ပျိုးရေးဦးစီးဌာန က မျိုးကောင်းမျိုးသန့် ကော်ဖီပျိုးပင်များ အသုံးပြုနိုင်ရေး အပြင် နည်းပညာ အကူအညီများ ကိုလည်း ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်၍ တောင်သူများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာ့ကော်ဖီ ကဏ္ဍအရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုး လာစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်း ပါကြောင်း ဆွေးနွေးပြောကြားသည်။


                 ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ကော်ဖီ ပျိုးပင်များ၊ မိသားစုအိမ်ခြံဝန်းစိုက်ခင်းများ ထူထောင်စိုက်ပျိုးနိုင်ရန် ဟင်းသီး ဟင်းရွက် မျိုးစေ့ များ၊ သဘာဝမြေဩဇာ၊ တမာပိုးသတ်ဆေး နှင့်စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ပေး အပ်ရာ တောင်သူ ကိုယ်စားလှယ်များက လက်ခံ ရယူခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်သည် အမြင့်ပေ (၄၀၀၀) ကျော်ရှိ၍ ကုန်းမြင့်ကော်ဖီ စိုက်ပျိုး ရန် သင့်တော်သဖြင့် အရည်အသွေးမြင့်အထွက်နှုန်းကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်နိုင် စေ ရန် ယနေ့အခမ်းအနားတွင် ကော်ဖီပျိုးပင်(၃၀၀၀၀) ၊ ကော်ဖီစိုက်ကျင်းတူးကိရိယာ (Auger)၊ ကော်ဖီသီးမှည့်အခွံချွတ်စက်၊ ကော်ဖီ သီးလှန်းစင်များ၊ ကော်ဖီသီး အချိုဓါတ်တိုင်း ကိရိယာ (Refractometer)၊ ကိုင်းဖြတ်ကတ်ကြေး၊ ကိုင်းဖြတ်လွှ ၊ ကိုင်းဖြတ်ဓားများ၊ ဟင်းသီး ဟင်းရွက်  မျိုးစေ့များ ၊ သဘာဝမြေဩဇာ နှင့် သီးနှံပိုးမွှားကာကွယ်ရန် တမာ ပိုးသတ်ဆေး များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလက်စွဲစာစောင်များ၊ ကော်ဖီသီးနှံ GAP Guideline စာအုပ်များ၊  Coffee လက်ကမ်းစာစောင်များ၊ မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ် နည်း စာအုပ်များ ၊ မှို လက်ကမ်းစာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကော်ဖီစိုက် တောင်သူ များ သည် ယခင်ကကော်ဖီစိုက်ပျိုးရာတွင် လူလုပ်အားဖြင့် ကော်ဖီ စိုက်ကျင်းများ တူးကြရပြီး ယနေ့ ထောက်ပံ့ပေးအပ်ခဲ့သည့် ကော်ဖီ စိုက်ကျင်းတူးကိရိယာ(Auger)များ ကို အသုံးပြု၍ လုပ်ငန်းပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း၊ အလားတူ ကော်ဖီ အရည် အသွေး ကောင်းမွန် စေရန်အတွက် ကော်ဖီသီးမှည့် အခွံချွတ်စက် နှင့် ကော်ဖီလှန်းစင်များကို စနစ်တကျ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။