ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

         စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Wouter Jurgens  အား သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုဝန်ကြီး ၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ နယ်သာလန်နိုင်ငံ နှင့် မိမိတို့ဝန်ကြီးဌာနအကြား စိုက်ပျိုးရေးကဏ္ဍ၊ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ နှင့် ရေထွက်ပစ္စည်းမွေးမြူ ထုတ်လုပ် ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆွေတော် တာဝန်ထမ်းဆောင်စဉ်အတွင်း မိမိတို့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ၌ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက် ကူညီပေးခဲ့မှုများ အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစဉ်အမှတ်ရနေကြမှာ ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။မြန်မာ-နယ်သာလန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် နည်းပညာပူး ပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ စိုက်ပျိုးရေးသိပ္ပံများ အဆင့် မြှင့်တင်ခြင်း ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်  နယ်သာလန်နိုင်ငံ၊ Nuffic ၏ Netherlands Initiative for Capacity Development in Higher Education (NICHE MMR-277) အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာန နှင့် AERES တို့ပူးပေါင်း၍ “Strengthening of Vocational Education and Training for Food Security” စီမံကိန်း အစီအစဉ် အရ စိုက်ပျိုးရေးသိပ္ပံကျောင်းများ တွင် ဒေသနှင့် လျော်ညီသည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြား ခြင်း၊ ICT Modern Classroom နှင့် ICT Equipment များ ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပြီး၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးသိပ္ပံများရှိ ဆရာ/ဆရာမများ နှင့် အသစ်ခန့်အပ်မည့် ဆရာ/ ဆရာမများအား လေ့ကျင့်ပေးရေးအစီအစဉ်များကို ထည့်သွင်း‌ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ရရှိသည်။