စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုစီမံကိန်း(ADSP) အစီအစဉ် ဖြင့် ကျင်းပပြုလုပ်သည့် Training Workshop on GPS Survey for Cadastral Controls, UAV & Satellite Photogrammetry for Cadastral Mapping and Advanced GIS အပတ်စဉ်(၂/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ(၁၉)ရက်နေ့က နေပြည်တော် ဂရိတ်ဝေါဟိုတယ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသားများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကားပြောကြားသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကမ္ဘာ့ဘဏ် ချေးငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း(Agriculture Development Support Project _ ADSP) ကို (၂၀၁၅-၂၀၁၆)ခုနှစ်မှ(၂၀၂၁-၂၀၂၂)ခုနှစ် အထိ စီမံကိန်းကာလ (၇)နှစ်တာ အတွင်း ဆောင်ရွက်မည်ဖြစ်ရာ ယင်းစီမံကိန်းတွင် ဆည်မြောင်းစနစ်များ စီမံ ထိန်းသိမ်းမှု တိုးတက်ကောင်းမွန်စေရေးလုပ်ငန်း၊ လယ်ယာမြေဆိုင်ရာအကြံပေးခြင်း နှင့် နည်းပညာဆိုင်ရာ ကူညီပံ့ပိုးခြင်း လုပ်ငန်း၊ စီမံကိန်းပူးပေါင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို Component(၃) ခုဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက် လျက်ရှိသည်။
ADSP စီမံကိန်းလုပ်ငန်းများတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အနေဖြင့် Component 1.3(Improvement of Land Records and Practices) မြေယာမှတ်တမ်းများစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး၊ Digital ကွင်းမြေပုံများ ထူထောင်ခြင်းလုပ်ငန်း၊ တောင်သူတစ်ဦးချင်း လုပ်ပိုင်ခွင့်ရ ဧရိယာစာရင်းများနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ ကွင်းဆင်း ကောက်ယူမှတ်တမ်းပြုစုခြင်း လုပ်ငန်းများအပြင် စီမံကိန်း အထောက် အကူပြု သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိရာ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသင်တန်းလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ သင်တန်းတွင် ဌာနမှ တိုင်းတာပြုစု ထိန်းသိမ်းထားသည့် ကွင်းမြေပုံ များကို Digital စနစ်ဖြင့် ပြန်လည်တိုင်းတာပုံထုတ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြ စနစ် Global Positioning System(GPS) ဖြင့် ဧရိယာနှင့် တည်နေရာကို ပိုမိုတိကျ မှန်ကန်မှုရှိစေရန်၊ Satellite Imagery ကိုအခြေခံ၍ GIS, Remote Sensing and Database နည်းပညာများဖြင့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း သတင်း အချက် အလက်များ ကို ကြိုတင်ထုတ်ပြန်ခြင်းနှင့် စိစစ်အတည် ပြုခြင်းတို့ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပို့ချသွားမည်ဖြစ်ကာ ဌာနတွင်း ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။