ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့် COVID-19 တိုက်ဖျက်ရေး အထူး အစည်းအဝေး ကျင်းပ

============================

မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ခြင်းမရှိစေဘဲ ကပ်ရောဂါရဲ့ ဆိုးကျိုး သက်ရောက်မှုများ ကို လျော့ပါးသက်သာစေရေး ပူးပေါင်းဆောင်ရွက်သွားကြမည်။

==============================

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် COVID-19 တိုက်ဖျက်ရေး အထူး အစည်းအဝေးကို ဩဂုတ် ၁၉ ရက် မွန်းတည့် ၁၂ နာရီ အချိန်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (AMRDPE) အလှည့်ကျ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး(AMRDPE)အလှည့်ကျ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် အာဆီယံမျှော်မှန်းချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အောင်မြင်စွာ ချိတ်ဆက်ဆောင်ရွက် နိုင်ရန်အတွက် မိမိတို့ အနေဖြင့်  အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်မှု များကို အာဆီယံ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်နိုင်သော ချဉ်းကပ်မှု နည်းလမ်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်  မိမိတို့၏  အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်း အားထုတ်မှုများတွင် အောင်မြင်မှု များစွာ ရရှိပြီးဖြစ်သော်ငြားလည်း ကမ္ဘာ တစ်ဝန်း လုံး တွင် လက်ရှိ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော  Covid – 19  ကူးစက် ရောဂါ အကျိုးဆက်ကြောင့် မိမိတို့ အာဆီယံဒေသအနေဖြင့် မကြုံစဖူးစိန်ခေါ်မှုများစွာကို တွေ့ကြုံ ရင်ဆိုင် နေကြ ရပါ ကြောင်း၊ Covid – 19  ကူးစက်ရောဂါ၏  ဆိုးရွားသော အကျိုးသက်ရောက်မှု များကြောင့် မိမိတို့ရဲ့ စီးပွားရေး၊လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း  မိမိတို့ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းစဉ်များ တွင် လည်း နှောင်နှေး ကြန့်ကြာမှုများရှိလာပြီး ဆင်းရဲနွမ်းပါးသော ပြည်သူများအနေဖြင့်လည်း  ထိခိုက်နစ်နာမှုများအား ပိုမို ရင်ဆိုင်ရမည့် အခြေအနေများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ယင်း ကူးစက်ရောဂါ အကျိုးဆက်များ အား ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝထိခိုက်ဆုံးရှုံးမှုများအား လျှော့ချနိုင်ရန် အတွက် မိမိတို့အနေဖြင့်   ပေါင်းစည်း ညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံစိတ်ဓါတ် ( ASEAN Spirit of Cohesiveness and  Responsiveness)ကို လက်ကိုင်ပြု၍  ခိုင်မာသောသံဓိဌာန်၊ ကတိ ကဝတ်များဖြင့် အားလုံး ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။

အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato’ Lim Jock Hoi (မစ္စတာ ဒါတိုလင်မ်ဂျော့ခ်ဟွိုင်) က Covid – 19 ကုစားရေးစီမံချက်တွင် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် ( ASEAN Comprehensive  Recovery Framework တွင် ထည့်သွင်းသင့်သည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် အာဆီယံနိုင်ငံများအနေဖြင့် Covid – 19 ကူးစက်ရောဂါအား ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများအတွက် သက်ဆိုင်ရာ နယ်ပယ် အလိုက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုပပျောက် ရေး နယ်ပယ်တွင် Covid-19 ကူးစက်ရောဂါ အကျိုးဆက်များအား တုံ့ပြန် နိုင်ရန်အတွက် အဆိုပါ မူဝါဒလမ်းညွှန်ချက်များ၊ မဟာဗျူဟာမြောက် လုပ်ငန်း အစီ အစဉ်များ နှင့် စပ်လျဉ်း၍ မိမိတို့ရဲ့ သဘောထားအမြင်များအား ဆွေးနွေးဖလှယ်နိုင်ရန် အတွက် ဒီကနေ့ အစည်း အဝေးအား ကျင်းပရ ခြင်း ဖြစ်ပါကြောင်း၊ Covid – 19 ကူးစက်ရောဂါကြောင့် မိမိတို့အာဆီယံဒေသအတွင်း အားလုံးရင်ဆိုင် တွေ့ကြုံနေရသည့် တူညီသော ထိခိုက်နစ်နာမှု များအား ထောက်ရှုလျက် မိမိတို့ အနေဖြင့် ကူးစက် ရောဂါကို အချိန်နှင့်တပြေးညီ ထိရောက် စွာ တုံ့ပြန် ဖြေရှင်းရာတွင် ပေါင်းစည်းညီညွှတ်သော၊ ကဏ္ဍပေါင်းစုံ၊ သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော ချဉ်းကပ်မှု နည်းလမ်း ( Coherent, Multi-sectoral, Multi-stakeholder approach) အား ကျင့်သုံး ဆောင်ရွက်ရေး သည် အလွန်အရေးကြီးပါကြောင်း မြန်မာနိုင်ငံအစိုးရအနေဖြင့် Covid -19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်အား ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် စတင် ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံချက် ဟာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ခြင်းမရှိစေဘဲ  အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံး အပေါ် ကပ်ရောဂါရဲ့ ဆိုးကျိုးသက်ရောက်များကို လျော့ပါး သက်သာ စေဖို့အတွက်  ဟန်ချက်ညီညီ ဖြည့်ဆည်း ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ အာဆီယံ နိုင်ငံများ အသီးသီးတွင်လည်း ကပ်ရောဂါ တုံ့ပြန်နိုင်ရန် အတွက် မိမိတို့နိုင်ငံကဲ့သို့ မဟာ ဗျူဟာမြောက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိနေမည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း၊ ဒေသအတွင်း ကပ်ရောဂါအား ရင်ဆိုင် တွေ့ကြုံနေရတဲ့ တစ်ချိန် တည်းမှာပဲ  နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်တဲ့ အလားတူဘေးအန္တရယ်များ အား မိမိတို့ ပြည်သူ လူထုများရဲ့ တုံပြန်နိုင်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ရေး ဟာလည်း မိမိတို့လက်ရှိ ဆောင်ရွက်လျက်ရှိသည့် တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သော၊ ရေရှည်တည့်တံသော၊ အားလုံး ပါဝင်နိုင်သော အာဆီယံလူမှုအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါ သော အခန်းကဏ္ဍမှပါဝင် လျက်ရှိနေတာကို မိမိတို့အနေဖြင့် နားလည် သိရှိ ထားပြီး ဖြစ်ကြောင်း၊ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်တဲ့ အလားတူ ဘေးအန္တရယ်များအား ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် အထူးသဖြင့် ထိခိုက်နစ်နာလွယ်သည့် အုပ်စုများမှ ပြည်သူများအား ကောင်းမွန်စွာ ကြိုတင် ပြင်ဆင်ထားသော တုံနိုင်စွမ်းအား ကောင်းမွန်သည့် လူထု တစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ သို့မှသာလျင် မိမိတို့ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးနယ်တွင် မမျှော်မှန်း နိုင်တဲ့ ဘေးအန္တရာယ် ဖြစ်ပေါ်မှု ဆိုးကျိုးသက်ရောက်မှုများအား လျော့နည်းစေနိုင်မှာ ဖြစ်ပါကြောင်း၊ Covid-19 ကူးစက်ရောဂါ စိန်ခေါ်မှုများအား ကိုင်တွယ် ဖြေရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ အာဆီယံနိုင်ငံအသီးသီးမှ ဝန်ကြီးများရဲ့  စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက် ချက်များအား မိမိအနေဖြင့် ကြိုဆိုအသိအမှတ်ပြုပါကြောင်း၊ မမျှော်မှန်းနိုင်တဲ့ အနာဂတ် ဘေးအန္တရာယ်များ အတွက် အာဆီယံဒေသရဲ့ ကြိုတင်ပြင်ဆင်မှုနှင့် စွမ်းဆောင်ရည်များအား ဆက်လက် မြှင့်တင် နိုင်ရန် အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ပြင်ပမိတ်ဖက် အဖွဲ့ အစည်းများ နှင့်အတူ နိုင်ငံတကာအဆင့် ဒေသတွင်းအဆင့် အသီးသီးတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါကြောင်း၊ ကပ်ရောဂါ စိန်ခေါ်မှုများနှင့် ကျေးလက်ဆင်းရဲ နွမ်းပါးမှု များအား ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ နိုင်ငံ များ အားလုံးနှင့် အတူ ဆက်လက်၍ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိ ကြီးများ၊ ကိုယ်စားလှယ်များက နိုင်ငံအလိုက် COVID-19 တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေ အနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် COVID-19 တိုက်ဖျက်ရေး အထူးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။