ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရန်ကုန်တိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် CERP စီမံချက်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ ၁၆ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ် တွင် Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ဖွင့်လှစ်သည့် ဝက်မွေးမြူရေးသင်တန်း သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး က သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံ အားပေးစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန က ဇွန်လ မှ စက်တင်ဘာလအတွင်း တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း၊ မေထုန်မဲ့သားစပ် သင်တန်း၊ မွေးမြူထုတ်လုပ်မှုသင်တန်းများကို Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ငွေကျပ် ၁၄၄၀ သန်း အသုံးပြု၍ တိုင်းဒေသကြီး ပြည်နယ်(၈)ခုရှိ မြို့နယ်(၁၀၀)၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ငမိုးရိပ်ရေလှောင်တမံ မိုင်နာမြောင်း DM-6 တွင် ငမိုးရိပ်ရေသောက် တောင်သူများဖြင့် ဖွဲ့စည်းထားသည့်  ရေအသုံးချသူများအဖွဲ့(WUG)များ နှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ တောင်သူမိသားစုများ၏ ကျန်းမာရေး ၊ လူမှုရေး ဆိုင်ရာများမေးမြန်းပြီး ပြည်ထောင်စုဝန်ကြီး အားပေးစကားပြောကြားကာ လိုအပ် ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ အမှတ် (၃၅) စက်မှုလယ်ယာစခန်း တွင် CERP အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း သို့ရောက်ရှိ ကြပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးရာ စက်မှု လယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က CERP အရ လယ်ယာဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းတင်ပြသည်။

စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီး(၆)ခုတွင် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ပေးခြင်း၊ ပျိုးဘန်းဖြင့် ပျိုးထောင်ခြင်း၊ ကြားပေါင်းလိုက်ခြင်း စသည့် လုပ်ငန်းများကို  Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်”(CERP)အရ ငွေကျပ် ၂၀၄ သန်း အသုံးပြု ဆောင်ရွက် ပေးလျက်ရှိပြီး၊ တိုင်းဒေသကြီး ပြည်နယ် (၁၁)ခုတွင် လယ်ယာသုံးစက်ကိရိယာ ၁၂၅၆.၈၅သန်းဖိုး ဖြန့်ဖြူးပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုန်းနှဲကုန်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဒေသနေ တောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ စသည့် လုပ်ငန်းများ ရပ်ဆိုင်းမှုများ ရှိနေသော်လည်း စိုက်ပျိုးရေးလုပ်ငန်း၏ သဘာဝ အရ လေဝင်လေထွက်ကောင်းမွန်မှု၊ လူတစ်ဦးချင်း ထိတွေ့မှု အကွာအဝေး ၊ ပတ်ဝန်းကျင် အခြေအနေ များအရ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ကြသော်လည်း ၊ စားနပ်ရိက္ခာဖူလုံမှု အပေါ် ထိခိုက်မှု မဖြစ်ပေါ်စေရန် နှင့် တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ဆောင်ရွက်မှု အား  အထောက် အကူဖြစ်စေရန် နိုင်ငံတော် က Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်”(CERP)ရေးဆွဲချမှတ်ပေးမှုအပေါ် မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  အလားတူ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ကိုလည်း တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စားဖိုဆောင်စရိတ်သက်သာပြီး လတ်ဆတ်စွာစားသုံး နိုင်ရန် မိမိတို့ခြံဝန်း မြေနေရာလွတ်များတွင်  မိသားစု တစ်ပိုင် တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုး လုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ် တို့က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိသားစု ဥယျာဉ်ခြံ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးအားပေးကြသည်။၎င်းနောက် သနပ်ပြင်ကျေးရွာ တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ အား ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့ က စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီး မြို့ ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀)စိုက်ကွင်းတွင် (CERP) အရ စိုက်ပျိုး ထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း ရောက်ရှိကြပြီး (RS to CS)မျိုးသန့်မျိုးပွား စိုက်ပျိုး ထားရှိမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးသည်။ထို့နောက် စိုက်ပျိုးရေးဆိုင်ရာလူထုအခြေပြုလေ့လာမှုစခန်း တွင် ပြည်ထောင်စုဝန်ကြီး က ဒေသနေ တောင်သူများအား တွေ့ဆုံ အမှာစကားပြောကြားပြီး ကျေးရွာအုပ်စု(၁၇)အုပ်စု မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၇၁၉)ဧကအတွက်(CERP)အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ (၁၀၆၇၇၁၅၀၀) ကျပ် ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က  ကျေးရွာအုပ်စု(၁၃)အုပ်စု မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၃၂၉)ဧကအတွက်(CERP)အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ (၄၈၈၅၆၅၀၀) ကျပ် ကိုလည်းကောင်း ပေးအပ်ရာ အကျိုးဆောင်တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ယခုအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ကျေးရွာအုပ်စု(၃၀) မှ တောင်သူ (၃၈၀)ဦး၊ စုစုပေါင်းစိုက်ဧက(၁၀၄၈)ဧကအတွက် Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်” (CERP) အရ မိုးစပါးမျိုးစေ့ထုတ်စိုက်စရိတ်ငွေကျပ်စုစုပေါင်း (၁၅၅,၆၂၈,၀၀၀) ကျပ် ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး၊ တစ်နိုင်ငံလုံးရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကတစ်သိန်းအတွက် Covid-19  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ စုစုပေါင်း ကျပ် (၁၄၉၁၁.၃၃)သန်း ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။