Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ ၁၅ ရက် နေ့ ညနေပိုင်းက က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ၊ ထင်းပုံဆိပ်ကျေးရွာ နှင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဒေးဒရဲမြို့နယ် ညောင်ပင်တန်းကျေးရွာများတွင် CERP အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးအားပေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး အဆင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်း တံတား မြောင်း စသည့် ကျေးရွာအခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နေကြသည့် ကျေးရွာသူ ကျေးရွာသား များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်း ဆွေးနွေး ခဲ့သည်။
Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်” (CERP)အရ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း လုပ်ငန်း တစ်ခု ဖြစ်သည့် Cash for Work စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ၌ ကျေးရွာ(၁၁၀)ရွာ တွင် လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီး ၌ ကျေးရွာ(၂၅၀)ရွာ တွင် လည်းကောင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ကျပ်သန်းပေါင်း ၂၅၀၀၀ သုံးစွဲ၍ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ရန်ကုန် တိုင်းဒေသကြီး ၌ ကျေးရွာ(၈၀)ရွာ တွင် လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီး ၌ ကျေးရွာ (၁၀၀)ရွာ တွင် လည်းကောင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် ကျေးရွာပေါင်း ၁၇၁၀ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ကျပ်သန်းပေါင်း ၄၀၈၃၀ သုံးစွဲပြီးဖြစ်သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဒေးဒရဲမြို့နယ် ဂွကလေးကျေးရွာ နှင့် ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာများသို့ ရောက်ရှိကြပြီး Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ ဆောင်ရွက်လျက်ရှိသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ အား ကြည့်ရှုအားပေးပြီး မိုးစပါးမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံကာ CERP မိုးစပါး မျိုးစေ့ထုတ် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ၌ ယခုနှစ်မိုးပါးစိုက်ပျိုးရန် ဧက၃၇သိန်းကျော် လျာထား ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စုစုပေါင်း ၃၁၅၆၂၅၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ CERP မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမှုအနေဖြင့် လျာထား ၁၀၄၇၅ ဧကဖြစ်ပြီး ယနေ့အထိ ၇၀၉၅ ဧက စိုက်ပျိုးပြီးစီးကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဘိုကလေးမြို့နယ် သကံဝကျေးရွာ တောင်သူ ဦးတင်စိုး ၏ ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော် က ဧရာဝတီတိုင်းဒေသကြီး ၏ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု အခြေ အနေများ၊ CERP အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးမှု နှင့် တောင်သူပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးနေမှု တို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း အတွင်း ကြားပေါင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် လယ်ယာမြေနှင့်ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များ ဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး အတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများအားလုံး မိမိတို့ဒေသအလိုက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့် တွေ့ကြုံနေရသော မြေယာပြဿနာများ အပါအဝင် အခက်အခဲများအားလုံးကို ရင်ဆိုင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းတူ ဒေသတူ မိတ်ဆွေများ လုပ်ဖော်ကိုင်ဘက်များ အဖြစ် မိမိတို့၏ လယ်ယာ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးကို ရှေ့ရှုပြီး ပူးပေါင်း လုပ်ကိုင် ကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ဖြတ်ကျော်နေချိန်တွင် ရရှိနေသည့် နိုင်ငံတော်၏ အထောက် အပံ့ ၊ ဌာနဆိုင်ရာများ၏ ကူညီအားပေးမှု စသည့်အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး မိမိတို့ တစ်မိသားစုချင်းဘဝ တိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်ကြစေလို ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ကျိုက်လတ်မြို့နယ် အိပ်ယာကြီးကျေးရွာတွင် CERP အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှ ငါးလုပ်ငန်းစခန်း သို့ ရောက်ရှိကြပြီး ငါးမွေးတောင်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားသည်။ဆက်လက်၍ ငါးမွေးတောင်သူများအား ငါးသားပေါက်များပေးအပ်ရာ ငါးမွေးတောင်သူများက လက်ခံရယူခဲ့ကြ သည်။
မအူပင်ခရိုင် အတွင်း ငါးမွေးကန် ၂၃၅၉ ဧက ရှိပြီး ယခုအခမ်းအနားတွင် ငါးမွေးကန် ဧက ၂၀၀ အတွက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ၌ Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP) အရ ငါးမွေးကန် စုစုပေါင်း ၅၄၃၉၉.၄ ဧက ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။