ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကော့မှူးမြို့နယ်ရှိ ငါးမွေးကန် (၃၅၆၂.၁၇) ဧက အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ၌ ငါးမွေးကန် (၆၇၃၂၈.၁၉)ဧက အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးသွားမည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ ၁၅ ရက် နေ့ နံနက်ပိုင်းက ကော့မှူးမြို့နယ် ၊ စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်သည့် Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ နှင့် ကျေးရွာ မတည်ရန်ပုံငွေ(VRFP) နှင့် Cash for Work စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး (CERP)အရ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာ ငါးမွေးတောင်သူများကိုယ်စား ကိုယ်စားလှယ် တစ်ဦး ကလက်ခံရယူသည်။

ဆက်လက်၍ ကျေးရွာ မတည်ရန်ပုံငွေ(VRFP)စီမံကိန်းကျေးရွာ(၈)ရွာနှင့် Cash for Work စီမံကိန်းကျေးရွာ(၁၀)ရွာအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။ကော့မှူးမြို့နယ်ရှိ ငါးမွေးကန် (၃၅၆၂.၁၇) ဧက အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ၌ ငါးမွေးကန် (၆၇၃၂၈.၁၉)ဧက အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးကန် တစ်ဧကလျင် ငွေကျပ်လေးသောင်း ဖိုးရှိ ငါးသားပေါက်များ ထောက်ပံ့သွားမည် ဖြစ်၍ တစ်နိုင်ငံ လုံးရှိ ငါးမွေးမြူရေးကန် ဧက(၁၅၀၀၀၀) အတွက် ငွေကျပ် သန်း ၆၀၀၀ အကုန်အကျခံကာ Covid-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ ထောက်ပံ့ ပေးနေခြင်းဖြစ်သည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး အခြောက်ခံစက်ကို ကြည့်ရှုအားပေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က ရှင်းလင်း ပြသသည်။ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကော့မှူးမြို့နယ် အမှတ်(၂)မြောင်း ကို ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။အလျား ၁၂.၂၁ မိုင်ရှိ ကော့မှူးမြို့နယ် အမှတ်(၂)မြောင်း သည် လယ်မြေ (၁၃၉၀၀) ဧက ကို အကျိုးပြုလျက်ရှိသည်။ ရန်ကုန်မြစ်မှ တိုးမြစ်အတွင်း စီးဆင်းသည့် ဝါးဘလောက်သောက်မြစ် တိမ်ကောလာမှုမှတဆင့် ဖြစ်ပေါ်ခဲ့သည့် ရေဖြူတွင်း၊ လာဝတီနှင့် ခလောက်ခလိ၊ ရေတိမ် စသည့် ကျေးရွာများအနီးရှိ ရေနက်ကွင်းကြီးများကို ကော့မှူး အမှတ်(၁) (၂) (၃) (၄) ရေနုတ် မြောင်းများ၊ ကွမ်းခြံကုန်းရေတံခါး၊ တော်ကြီးခရမ်းရေတံခါး၊ ခလောက်တရာရေတံခါးများက ရေတော်မိုးတော် လယ်မြေများအဖြစ် အကျိုးပြုလျက်ရှိသည်။           ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ (၉)ခုမှ အကျိုးပြု(၇၉၀၂၂)ဧက၊ ရေဘေး ကာကွယ်ရေး တမံ(၂၂)ခုမှ အကျိုးပြု (၁၀၂၁၄၉)ဧက၊ ရေငန်တားတမံ(၂၇)ခုမှ အကျိုးပြု (၂၁၉၀၉၂) ဧက၊ ရေကြီးနစ်မြုပ်ကာကွယ်ရေး ရေနုတ်မြောင်း(၈၅)ခုမှ အကျိုးပြု(၃၅၇၅၅၀) ဧက၊ ရေတံခါး (၁၅၄)ခုမှ အကျိုးပြု(၁၈၈၇၀၂)ဧက၊ လျှပ်စစ်ရေတင်ဖြင့် အကျိုးပြု (၂၄၅၁၈) ဧက ရှိကြောင်း သိရှိရသည်။