ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် ကရင်ပြည်နယ် ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး။

CERP အစီအစဉ်အရ ပြန်လည်ကုစားနိုင်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရပြီး ထိုစိန်ခေါ်မှုများမှတဆင့် အခွင့်အလမ်းကောင်းများ ရယူကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး ရေး နည်းပညာပြန့်ပွားရေးစင်တာ(KC Centre)များတွင်လည်း နည်းပညာ အကူအညီများ ရယူနိုင်ကြပါကြောင်း လှိုင်းဘွဲ့မြို့နယ် မိုးစပါး မျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

“Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများ အား ‌ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သမ္ဘာန် စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပြည်နယ်ဝန်ကြီး ဦးစောမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ တက်ရောက်ကြသည်။အခမ်းအနားတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာလအလွန်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်” (CERP)အရ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ထောက်ပံ့ငွေများ ပေးအပ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့်အညီ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ ကျေးလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက နှင့် တောင်သူများ ပူးပေါင်း၍ တစ်စိုက်မတ်မတ် ကြိုးစား ဆောင်ရွက် ခဲ့ကြခြင်းကြောင့် ကျေးလက် ဒေသနေ တောင်သူများ၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အထိုက်အလျောက် တိုးတက်လာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် လယ်ယာကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျောက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်၍ မျိုးကောင်း မျိုးသန့် ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနက အလေးထားကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းအတွက်သာမက စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တလျောက် လိုအပ်သည့် နည်းပညာ နှင့် အကူအညီများကို နည်းစပ်ရာ စိုက်ပျိုးရေးရုံးဌာနများ၊ KC Centre များ တွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း ဆွေးနွေးပြောကြားသည်။ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် က ကရင်ပြည်နယ် ၏ မိုးစပါး စိုက်ပျိုးထုတ်လုပ် မှုအခြေအနေများ၊ CERP Plan အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူကြွယ် က IFAD နှင့် ပူးပေါင်း၍ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(Eastern States Agribusiness Project) နှင့်ဆောင်ရွက်ထားသော  ရေပေးမြောင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
             ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ ပြည်နယ်ဝန်ကြီး ဦးစောမြင့်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအေးကိုကို တို့က မိုးစပါးမျိုးစေ့ထုတ် တစ်ဧကလျှင် ၈၃၅၀၀ ကျပ်နှုန်းဖြင့် (၂၁၄)ဧက အတွက် ငွေကျပ် ၁၇,၈၆၉,၀၀၀ ကို ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် အကျိုးဆောင် တောင်သူ ကိုယ်စားလှယ်များ အား  ပေးအပ်ခဲ့ကြသည်။ထို့နောက် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီး နှင့်အဖွဲ့သည် YSI အဖွဲ့များ၏ မျိုးစေ့ထုတ် နည်းပညာပေး စံပြစိုက်ခင်း(၅)ဧက ကိုလည်းကောင်း၊ “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း ကို လည်းကောင်း၊ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(Eastern States Agribusiness Project) ဖြင့်ဆောင်ရွက်ထားသည့် ရေပေးမြောင်းမှ စိုက်ပျိုးရေ ပေးဝေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ဧက  ၄၃၁,၃၆၅ ဧကစိုက်ပျိုးရန် လျာထားပြီး ၂၀၇၃၁၇ ဧက စိုက်ပျိုးပြီးဖြစ်သည်။ ကရင်ပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်၊ ကျေးရွာ (၇)ရွာရှိ တစ်မြို့နယ် တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများတွင် လယ်မြေဧရိယာ ၂၈၃၉ ဧက ကို “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ မျိုးစေ့ထုတ်ဧက (၇၆၀)ကိုလည်းကောင်း၊ CERP Plan အရ ကျေးရွာ ၁၉ ရွာတွင် Contract Farming ဧက(၃၀၀၀)ကိုလည်းကောင်း လျာထား စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Eastern States Agribusiness Project – ESAP ) ကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ် မြို့နယ် တို့တွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလ (၂၀၁၉-၂၀၂၀) ခုနှစ်အတွင်း စီမံကိန်းဧရိယာများတွင် စိုက်ပျိုးပညာပေးရေးစခန်း Knowledge Center – KC (၅)ခု  တည်ဆောက်လျက်ရှိကြောင်းသိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန က လူထုဗဟိုပြုစီမံကိန်း (CDD) (တတိယနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို လည်းကောင်း၊ အထက်ရေပူ ကျေးရွာအုပ်စု ထီလင်းဝင်းသာကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထား သည့် ရေနုတ် မြောင်းတူးဖော်ခြင်းနှင့် ကျောက်ရောမြေသား လမ်းခင်းခြင်း လုပ်ငန်းကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ကျေးရွာသူ/ကျေးရွာသားများ နှင့် ရင်းနှီးစွာ တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) ဖြင့် ကျေးရွာ (၅၀)တွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများ ဖွဲ့စည်းခြင်း၊ ကျေးရွာစာရင်းရှင်ဖွင့်လှစ်ခြင်း၊ မြို့နယ်မှ ကျေးရွာသို့ ရန်ပုံငွေ လွှဲပြောင်းခြင်း၊ ချေးငွေအဆိုပြုလွှာခေါ်ယူခြင်း၊ ချေးငွေအဆိုပြုလွှာစိစစ်ခြင်း၊ ချေးငွေထုတ် ချေးခြင်းများအား ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်သည်။ Cash For Work စီမံကိန်းဖြင့် မြို့နယ်(၇)မြို့နယ်ရှိ ကျေးရွာ (၁၁၀)ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၃၀ လျာထား ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်တစ်ခုလုံးအနေနှင့် ၃၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လျာထား ချက်ပြည့်မီအောင် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။