ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရန်ကုန်တိုင်းဒေသကြီး၌ (CERP) မိုးစပါးမျိုးစေ့ထုတ် (၅၉၂၉)ဧက စိုက်ပျိုးမည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ ၁၅ ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မကျီးတန်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား တွေ့ဆုံ၍ Covid ကာလဖြတ်ကျော်ရေးလုပ်ငန်းစဉ်များ နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
           ရှေးဦးစွာ
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ မိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများအား ထောက်ပံ့ပေးခြင်းနှင့် အတူ နည်းပညာပေးလုပ်ငန်းများကိုတစ်ပြိုင်တည်း ဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်စိုက်ကွင်းများ၌ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ တာဝန်ချထားပေးပြီး မျိုးစေ့ထုတ် တောင်သူများအား အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနေမှု တို့ကိုလည်းကောင်း ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ က သမဝါယမအသင်းများ ၏ ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်လးင်းတင်ပြကြသည်။

            တွေ့ဆုံပွဲတွင် ဒေသခံ သမဝါယမအသင်းများ က အသင်း၏ ဆောင်ရွက်ချက်များရှင်းလင်း တင်ပြပြီးလွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားရာ၌ Covid ကာလတွင် သမဝါယမလုပ်ငန်း၏ စွမ်းဆောင်နိုင်မှုကို အထင်အရှားမြင်တွေ့ကြပါကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်များ ခက်ခဲနေချိန်တွင် ဒေသတစ်ခု၏ လယ်ယာထွက်ကုန်များကိုအခြားလိုအပ်သည့် ဒေသများသို့ သမဝါယမအသင်းစုချုပ်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သဖြင့်လယ်ယာထွက်ကုန်များ၏ စျေးကွက်ထိခိုက်နိုင်မှုကို ထိန်းသိမ်းပေးနိုင်လျက်ရှိကြောင်း၊  လယ်ယာကုန်ထုတ်လုပ်မှုနှင့် သမဝါယမလုပ်ငန်း ခွဲခြားမရနိုင်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊  သမဝါယမအသင်းများ ဆောင်ရွက်မှုသည် အသင်း၏ ဆုံးဖြတ်ချက်အပေါ်တွင် တည်မီကြောင်း၊ဝန်ကြီးဌာနက ဥပဒေ စည်းမျဉ်းများနှင့်အညီဖြစ်စေရေး ထိန်းကျောင်း ညှိနှိုင်းပေးခြင်းသာဖြစ်၍ အသင်းကိုဦးဆောင်သူတို့၏ ခေါင်းဆောင်မှုစွမ်းရည် နှင့် အသင်းသားများ၏ စည်းလုံးညီညွတ်မှုတို့သည် အဆိုပါအသင်း၏ ကြီးပွားတိုးတက်မှုအတွက် အရေးပါကြောင်း၊အခြားအသင်းများထက် ပိုမိုအောင်မြင်သည့် သမဝါယမအသင်းတွင် ကောင်းမွန်သည့် ဦးဆောင်သူရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ဦးဆောင် ဦးရွက်ပြုသူ၏ မိမိယူထားသည့်တာဝန် အပေါ် တန်ဖိုးထားတတ်မှု တာဝန်ခံနိုင်မှု၊ မြော်အမြင်ရှိမှု စီမံခန့်ခွဲနိုင်မှု တို့က ခွဲခြားသွားခြင်းဖြစ်ကြောင်း၊

တောင်သူတစ်ဦးချင်းက တန်ဘိုးကြီး လယ်ယာသုံးစက်ကိရိယာ အပိုင်ဝယ်ယူအသုံးပြုရန် ခက်ခဲနိုင်သော်လည်းတောင်သူများစုပေါင်း ထူထောင်သည့် သမဝါယမအသင်းအနေဖြင့် ဝယ်ယူပြီး အလှည့်ကျမျှဝေသုံးစွဲနိုင်မှာဖြစ်ကြောင်း၊ အလားတူ စိုက်စရိတ်အရင်းအနှီးအတွက် သမဝါယမချေးငွေရရှိနိုင်သကဲ့သို့ စုပေါင်းရောင်းချမှုကြောင့် ထွက်ကုန်ပမာဏအရ လက်ကားစျေးကွက်အထိ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ စျေးကွက်အကျိုးအမြတ် ရရှိနိုင်ကြောင်း၊ တစ်ဦးချင်း မအောင်မြင် သော်လည်း စုပေါင်းဆောင်ရွက်ပါက အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ တောင်သူများစုပေါင်းဆောင်ရွက်သည့် လယ်ယာကုန်ထုတ် သမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်ကြရန် မိမိတို့ တိုက်တွန်း အားပေးနေခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ထူထောင်ဆောင်ရွက်နိုင်ရေး ကူညီပေး လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

           ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် တောကျောင်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကြည့်ရှုအားပေးကြပြီး တောင်သူများအတွက် CERP ထောက်ပံ့ငွေများကို ပြည်ထောင်စုဝန်ကြီးကပေးအပ်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧရိယာအဖြစ် ကော့မှူးမြို့နယ်တွင် (၃၈၃)ဧက၊ ကွမ်းခြံကုန်းမြို့နယ်တွင်(၄၅၂)ဧက အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ (CERP) မိုးစပါးမျိုးစေ့ထုတ် (၅၉၂၉)ဧက စိုက်ပျိုးမည်ဖြစ်ကာ မိုးစပါးစိုက်ပျိုးရန် စုစုပေါင်းဧက ၁၁၉၀၀၀၀ လျာထားပြီး ယနေ့အထိ ဧကကိုးသိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သတင်းရရှိသည်။