ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သထုံခရိုင် ၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မျိုးကောင်း မျိုးသန့် မျိုးစေ့ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့်   ထွက်ရှိလာမည့် သီးနှံသည်လည်း အရည်အသွေးကောင်း  အထွက်ကောင်းကာ  စျေးကောင်းရရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလအတွင်း ကန့်သတ်မှုများစွာ ရှိနေသော်လည်း ဌာနအသီးသီး က လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP) ဖြင့် မျိုးစေ့ထုတ်တောင်သူများ အခက်အခဲမရှိ စေရေးအတွက် ထောက်ပံ့ အားပေးဆောင်ရွက်လျက်ရှိကြောင်း
သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ သထုံခရိုင် ကျိုက္ကော်ကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀) စံပြစိုက်ခင်း ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။
အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင် တို့က မျိုးစေ့ထုတ်လုပ်ငန်း ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မျိုးစေ့ထုတ်လုပ်ငန်း တစ်ဧကအတွက် ထောက်ပံ့မည့်အစီအစဥ် နှင့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP)ဖြင့် ဆောက်ရွက်ထားသည့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မှုများ၊ မျိုးကွဲပယ်နှုတ်ခြင်းဆိုင်ရာများအား ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများကိုယ်စား တောင်သူတစ်ဦးအားမျိုးစေ့ထုတ်ဧက (၅၀)အတွက် ထောက်ပံ့ငွေကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့ကိုယ်စား တောင်သူတစ်ဦးအား မျိုးစေ့ထုတ်ဧက (၃၀)အတွက်ထောက်ပံ့ငွေကိုလည်းကောင်း ပေးအပ်ကြသည်။

ထို့နောက် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်(CERP)၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကိုလည်းကောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀) စံပြစိုက်ခင်းကို လည်းကောင်း ကြည့်ရှုအားပေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်တို့က လိုက်လံရှင်းလင်းပြသသည်။

ယနေ့ကျင်းပသည့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင်   မိုးစပါးမျိုးစေ့ထုတ်တစ်ဧကလျှင် ငွေ ၁၅၀၅၀၀ ကျပ်နှုန်းဖြင့် ဧက(၈၀) အတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၂၀၄၀၀၀၀ကျပ်ကို မျိုးစေ့ထုတ်လုပ်သူများအသင်း (Seed Grower Association)နှင့် အကျိုးဆောင်တောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။