ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

Cash for Work စီမံကိန်းကို ကျပ်သန်း၂၅၀၀၀ အသုံးပြုပြီး နိုင်ငံတဝန်းရှိ ကျေးရွာ ၂၄၈၈ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် သြဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်း တွင် Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ ပဲခူးတိုင်းဒေသကြီး တွင် ဆောင်ရွက်လျက်သော Cash for Work လုပ်ငန်းများ နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည်လည်ကြည့်ရှု စစ်ဆေးအားပေးပြီးလိုအပ်ချက်များကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင်အဖွဲ့သည် တောင်ငူမြို့နယ်ထန်းကုန်းကျေးရွာ ၌ Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ၏ Cash for Work အထောက်အပံ့ ကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ရောမြေခင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့်ကွန်ကရစ်တိုင်စိုက်ထူခြင်း လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး နှင့်တာဝန်ရှိသူများကရှင်းလင်းပြသကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

               ထိုမှတဆင့် ဖြူးမြို့နယ် ခရမ်းကျေးရွာ Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) Cash for Work အထောက်အပံ့ ကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေမြောင်းတူးဖော်ခြင်း နှင့်ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

               အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျေးတောစုရွာ ၌ Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ၏ Cash for Work အထောက်အပံ့ ကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း၊ လမ်း​ဘေး​ရေမြောင်းတူးခြင်း၊ မြေသားလမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြသည်။ 

            Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေး အတွက်ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်” (CERP)အရ ပြည်သူများဝင်ငွေရရှိစေမည့် အလုပ်အကိုင်ဖန်တီးဖော်ဆောင်ပေးရန် ကျေးရွာများ၏ အခြေခံအဆောက်အအုံများဖွံ့ဖြိုးရန်နှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန် တစ်ရွာလျင် ကျပ် သိန်း၁၀၀ နှုန်းဖြင့် Cash for Work စီမံကိန်းကို ကျပ်သန်း၂၅၀၀၀ အသုံးပြုပြီး နိုင်ငံတဝန်းရှိ ကျေးရွာ ၂၄၈၈ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာအိမ်ထောင်စု ၁၂၀၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ကျေးတောစု သမဝါယမအသင်း သို့ ရောက်ရှိကြရာ အသင်းတာဝန်ရှိသူများက အသင်း၏ ဆောင်ရွက်ချက်များရှင်းလင်းတင်ပြပြီး သမဝါယမဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် သမဝါယမအသင်းများ တိုးတက်အောင်မြင်ရေးအတွက် ဌာနက ကူညီပံ့ပိုး ပေးနေမှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

          တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ကုန်သွယ်မှု၊ ခရီးသွားလာမှု၊ဝန်ဆောင်မှု စသည့်လုပ်ငန်းများရပ်ဆိုင်း ထိခိုက်မှုများနှင့်အတူ လယ်ယာထွက်ကုန်များ၏ စျေးကွက်အပေါ် သက်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သို့သော်လည်း မိမိတို့ဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှု၊ တိုင်းဒေသကြီး ပြည်နယ်အသင်းစုချုပ်များ၏ ဦးဆောင်မှု သက်ဆိုက်ရာ သမဝါယမအသင်းများ၏ ပူးပေါင်းမှုတို့ကြောင့် ဥပမာအားဖြင့် ရှမ်းပြည်နယ်၏ ထွက်ကုန်များကို ဧရာဝတီ ရန်ကုန် တနင်္သာရီ စသည့် တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချပေးနိုင်ရန် အသင်းစုချုပ်များ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူအတွက် စျေးကွက်ကြောင့် ထိခိုက်မှု မရှိခဲ့သည့်နည်းတူ စားသုံးသူများအတွက်လည်း ဒေသပေါက်စျေးထက် များစွာသက်သာသည့် အကျိုးကို ရရှိခဲ့ပါကြောင်း၊ အမြတ်မယူ အရှုံးမရှိ ဟူသည့် သမဝါယမ၏မူဖြင့်အားထုတ်ကြိုးပမ်းခဲ့သည့် အောင်မြင်မှုဖြစ်ကြောင်း၊ ထို့အတူ တောင်သူလယ်သမားများစုပေါင်း၍ လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်မည်ဆိုပါက စုပေါင်းအရင်းအနှီးကြောင့် လယ်ယာသုံးစက်ကိရိယာများ မျှဝေသုံးစွဲနိုင်ခြင်း၊ စုပေါင်းထုတ်လုပ်မှုပမာဏအရ လက်ကားစျေးကွက် အကျိုး ခံစားနိုင်ခြင်းသာမက နှစ်စဉ် ကြုံတွေ့နေကြရသည့် စိုက်စရိတ် အကြွေးသံသရာမှ ရုန်းထွက်နိုင်ကြလိမ့်မည်ဟုယုံကြည်ပါကြောင်း၊   ဒေသအသီးသီးတွင် တစ်သဘောတည်းညီညွတ်ကြသည့် ပြည်သူများပါဝင်သော  သမဝါယမအသင်းများ၊ လုပ်ငန်းတူရာအချင်းချင်းပူးပေါင်းပါဝင်ဖွဲ့စည်းသည့် သမဝါယမအသင်းများ၏ အောင်မြင်သောစွမ်းဆောင်မှုဖြင့် သမဝါယမအသင်းများ၏ ပုံရိပ်ကို မြှင့်တင်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။