စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် သြဂုတ်လ ၁၄ ရက် နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်စနစ်များ အားကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ဒေသနေဆည်ရေသောက် တောင်သူများဖြင့်ဖွဲ့စည်းထားသည့် ရေသုံးစွဲသူများအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အဖွဲ့သည် အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းအိုးထိန်းချောင်း တူးဖော်မှုလုပ်ငန်း၊ ခပေါင်းလက်ဝဲမြောင်းမကြီး DY-1 ၏ DO -4 ၌ ရေသုံးစွဲသူများအဖွဲ့WUG များက မြောင်းရှင်း၊ မြောင်းဆယ်ခြင်း၊ ရေသွယ်ရေသောက် မြောင်းများ မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ရေသုံးစွဲသူများအဖွဲ့WUG များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌တောင်သူလယ်သမားများအနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ရာသီဥတု နှင့် မိမိတို့၏ ရေအရင်း အမြစ်အခြေအနေများအရ ဒေသအလိုက် စိုက်ပျိုးရေ ရေရယူသုံးစွဲနိုင်ရေး ကို ဌာနက ထုတ်ပြန်ပေးထားသည့် ဥပဒေစည်းကမ်းများ ၊ နည်းလမ်းများနှင့်အညီ စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေသုံးစွဲရာတွင်မိုးကောင်းသောက် စနစ်များပြားလျှက်ရှိပြီး ဆည်ရေသောက်စနစ်သည် ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ပြောင်းလဲ လာသော ရာသီဥတုနှင့် နောင်လာမည့်ကာလများ၌ ရေရရှိသုံးစွဲမှု ပိုမိုတိုးမြင့်မားရေးကို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ရေသုံးစွဲသူများအဖွဲ့WUG များမှတဆင့် ရေသုံးစွဲသူများအသင်း WUA များတိုးမြှင့်ဖွဲ့စည်းပြီး ပိုမိုကျယ်ပြန့်သည့် ရေသုံးစွဲမှုစနစ်တရပ်ထူထောင်သွားနိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဖြူးဆည်ရေသောက်စနစ်နှင့် ဖြူးရေလွှဲဆည်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများ က ဖြူးဆည်ရေသောက် အတွင်း စိုက်ပျိုးရေပေးဝေမှု အခြေအနေများ၊ ဖြူးရေလှောင်တမံ ကြံ့ခိုင်ရေးနှင့် ရေပိုလွှဲအောက်ခြေ ရေငြိမ်ကန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆည်ရေသောက် စနစ်များဖွံ့ဖြိုးရေး၊ ရေလှောင်တမံများဘေးကင်းလုံခြုံရေး နှင့် ဆည်ရေ စနစ်တကျစီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဆည်မြောင်းကဏ္ဍ၏ ရေသွယ်၊ ရေမြောင်းများ၊ လက်တံ မြောင်းများ ထိန်းသိမ်းခြင်း ၊ စိုက်ပျိုးရေ ခွဲဝေအသုံးပြုခြင်း စသည့် ရေစီမံခန့်ခွဲခြင်းလုပ်ငန်းတွင် ဒေသခံတောင်သူများဖြင့် ရေသုံးစွဲသူများအဖွဲ့ Water Utilizer Group(WUG) အား ထူထောင်ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံ၌ WUG အဖွဲ့ပေါင်း ၇၈၉၁ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊
လက်တန်မြောင်း၊လက်ခွဲမြောင်း(၂၁၆၆)မိုင်၊ ရေနုတ်မြောင်းငယ်(၂၅၄.၅၆)မိုင် ပြုပြင်ခြင်း နှင့်ရေငန်တားတာ၊ ရေဘေးကာကွယ်ရေးတာ ကြံ့ခိုင်ရေးလုပ်ငန်း (၁၄၃၄)မိုင် ကို တိုင်းဒေသကြီး ပြည်နယ်(၁၁)ခု၌ ဆောင်ရွက်လျက်ရှိပြီး ၁၁၃၈.၈၁ ကျပ်သန်းပေါင်း အသုံးပြုမှုအပေါ် လုပ်သားအင်အားကို အဓိကထားဆောင်ရွက်ပေးမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။