ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

“Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်” (CERP)အရ ကျပ်သန်း ၆၀၀၀ ဘိုးရှိ ငါးသားပေါက်များ ထောက်ပံ့

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် သြဂုတ်လ ၁၄ ရက် နံနက်ပိုင်း တွင် တောင်ငူမြို့နယ်၊ ကေတုမတီ ငါးနှင့် ကြက်မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိကြရာ ကုန်ထုတ်  သမဝါယမအသင်း တာဝန်ရှိသူများကအသင်း၏ ဆောင်ရွက်ချက်လုပ်ငန်းများကိုရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ဆန်စပါးဖူလုံပိုလျှံရေးကဲ့သို့ နိုင်ငံ၏ ဒုတိယအရေးပါသည့် သားငါးရိက္ခာဖူလုံရေးကိုလည်း ဦးစားပေး လုပ်ငန်းတစ်ရပ် အဖြစ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊လယ်ယာမြေပေါ်တွင် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာ၌ တည်ဆဲလယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုချက်မရရှိမီ လုပ်ငန်း ကြိုတင်ဆောင်ရွက်ပြီး သော ငါးကန်များအတွက် ဒဏ်ကြေးကို အသက်သာဆုံးနှုန်းဖြစ်စေရေး ဖြေလျော့ပေးထားသော်လည်း ၊ ယင်ငါးမွေးမြူရေးလုပ်ငန်းကို GAqP ငါးမွေးမြူရေးကျင့်စဉ်နှင့်အညီ လိုက်နာရန် စည်းကမ်းချက် သတ်မှတ်ထားမှုအပေါ် တိကျစွာ လိုက်နာ ရန်လိုအပ်ကြောင်း၊ Covid ကာလလွန် ငါးမွေးမြူ ထုတ်လုပ်ရေး ကဏ္ဍ ပြန်လည် ဖွံ့ဖြိုးလာရန်ကြိုးပမ်းမှု အား သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။  

  ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကေတုမတီ ငါးနှင့် ကြက်မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းလီမိတက် ၏ ငါးမွေးကန်အတွင်း ငါးစာများထည့်သွင်း ကျွေးမွေးပြီး အသင်းဝင် ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ယခုအခမ်းအနားတွင် ငါးမွေးကန် (၁၁၂ ဒဿမ ၆၁) ဧက အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းဖြစ်ပြီးတောင်ငူခရိုင်အတွင်း၌ ငါးမွေးကန် (၄၂၁ ဒဿမ ၆၉)ဧက ကို ထောက်ပံ့ပေးမည်ဖြစ်သည်။ “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်” (CERP)အရ ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန်ရည်ရွယ်၍ ငါးသားပေါက်များထောက်ပံ့ပေးလျက်ရှိရာ တစ်ဧကလျင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ ငါးမွေးကန်ဧက ၁၅၀၀၀၀ အတွက် ကျပ်သန်း ၆၀၀၀ ဘိုးရှိ ငါးသားပေါက်များ ထောက်ပံ့ပေးမည်ဖြစ်သည်။

အလားတူ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကို ကမ်းရိုးတန်းဒေသရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ဖွင့်လှစ်ပေးနိုင်ရေး အတွက် ကျပ်သန်း(၆၀)တို့ကို ပံ့ပိုးပေးရန် နိုင်ငံ‌တော်အစိုးရမှ ခွင့်ပြုချက်ရရှိခဲ့ရာ ငါးမွေးတောင်သူများနှင့် ငါးဖမ်းလုပ်သားများအတွက် အကျိုးရှိထိရောက်စေမည့် အစီအမံများဖြင့် ထောက်ပံ့ပေးနိုင်ရန် ‌ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။