ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကတစ်သိန်း စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ကျပ် ၁၄၉၁၁.၃၃သန်း ကို CERP အရ ထောက်ပံ့ပေးသွားမည်

Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေး အတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)ကို ရေးဆွဲခဲ့ရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းတာဝန်များ ပါဝင်ဆောင်ရွက်ထားပါကြောင်း၊ CERP အစီအစဉ်တွင် ရည်ရွယ် ချက်များစွာပါဝင်ပြီး လယ်ယာကဏ္ဍ ၏ မျိုးစေ့ထုတ်လုပ်မှုတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိ‌ရေး၊ စပါးမျိုးကောင်း မျိုးသန့် မျိုးစေ့များပွားများထုတ်လုပ်ရေး နှင့် တောင်သူများ မျိုးကောင်း မျိုးသန့် ဖူလုံစွာ စိုက်ပျိုးနိုင်ရေးတို့ အပါအဝင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး မိုးစပါးမျိုးစေ့ထုတ်သည့် ဧရိယာဧကပေါင်း ၁ သိန်းကို ဆောင်ရွက်ထားကြောင်း၊ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းကတောင်ငူမြို့နယ်၊ မဟင်ကျေးရွာ ၌ ကျင်းပပြုလုပ်သည့်  မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ပွဲအခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုးစပါး မျိုးစေ့ထုတ်တောင်သူများတက်ရောက်ကြသည်။

မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ပွဲအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌ Covid-19 ကာလတွင် စိုက်ပျိုးရေးဆိုင်ရာ စိုက်ပျိုးနည်းစနစ်များ၊ နည်းပညာပေးလုပ်ငန်းများ၊ နိုင်ငံပိုင် သတင်းစာများ ရုပ်မြင်သံကြားများက တဆင့်အသိပေးဆောင်ရွက်လျှက်ရှိကြောင်း၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က  CERP အရဆောင်ရွက်ရသော ရေတိုအစီအမံများ အပြင် Covid အလွန်ကာလများအတွက်လုပ်ငန်းစဉ်များ ၊ လယ်ယာဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများ နေဖြင့် နောင်တစ်ချိန်တွင် လယ်ယာမြေနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့်စနစ်များ ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွား မြှင့်တင်ရေး ဥပဒေအရတောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊

လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူအများအားလုံး ပါဝင်သည့် Collective Strength စုပေါင်းဆောင်ရွက်သည့် အင်အား သည် အရေးကြီးပါကြောင်း၊ ရေစီမံခန့်ခွဲသည့် နေရာတွင် လည်း ရေသုံးစွဲသူများအသင်း Water Utilizer Group အားထူထောင်ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း အသင်းအဖွဲ့ပေါင်း၂၀၀၀ခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တောင်သူလယ်သမား အသီးသီး က ပြောင်းလဲဖြစ်ပေါ်လာသည့်ရာသီဥတု၊ မိမိတို့၏ ရေအရင်း အမြစ်ကို တိတိကျကျ သုံးစွဲကြ ရမည် ဖြစ်၍ ဒေသအလိုက် စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေး စီမံ ဆောင်ရွက်နေ ပါကြောင်း၊ စိုက်ပျိုးရေသုံးစွဲရာတွင် မိုးကောင်း သောက် စနစ်များပြားလျှက်ရှိပြီး ဆည်ရေသောက်စနစ်သည် ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ သို့ပါ၍ ပြောင်းလဲ လာသော ရာသီဥတုနှင့် နောင်လာမည့် ကာလများ တွင် ရေရရှိသုံးစွဲနိုင်မှု ပိုမိုတိုးမြင့် လာစေရေး ဆောင်ရွက်ပေးရန် စီမံကိန်းများ ချမှတ်ပြီးဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း ဖြင့်  ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပဲခူးတိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော CERP လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ၊ ဌာန ပြည်သူ တောင်သူလယ်သမား အားလုံးတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များ ကို ဆွေးနွေးပြောကြားသည်။

ထို့နောက်  CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တောင်သူ (၅၈)ဦး၏ မျိုးစေ့ထုတ် (၂၀၇)ဧက အတွက် ငွေကျပ်(၃၁၀)သိန်း ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က တောင်သူ (၈၈)ဦး၏ မျိုးစေ့ထုတ်(၁၉၄)ဧက အတွက် ငွေကျပ် (၂၇၅)သိန်း ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးဦးအောင်ဇော်နိုင် က တောင်သူ (၄၆)ဦး၏ မျိုးစေ့ထုတ် (၁၅၀)ဧက အတွက် ငွေကျပ်(၂၃၃)သိန်းကိုလည်းကောင်း၊ ပေးအပ်ကြရာ တောင်သူကိုယ်စားလှယ်များ က လက်ခံ ရယူ ကြသည်။ ယနေ့အခမ်းအနားတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၅၅၁)ဧကအတွက် စုစုပေါင်း ငွေကျပ် (၈၁၈)သိန်းကျော် ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

CERP အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများကို တောင်ငူခရိုင်တွင် (၃၁၄၁)ဧက၊ ပဲခူးခရိုင် တွင် (၈၄၃၉)ဧက၊ ပြည်ခရိုင်တွင်(၉၈၂၄ ဒဿမ ၅၀)ဧက၊ သာယာဝတီခရိုင်တွင် (၁၀၃၄၀)ဧက စိုက်ပျိုးဆောင်ရွက်လျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးစေ့ထုတ်ဧက စုစုပေါင်း (၃၁၇၄၄ ဒဿမ ၅၀)ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။

ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ချင်းပြည်နယ်မှအပ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ မြို့နယ် (၂၈၇)မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ  အထွက်ကောင်း စပါးမျိုး (၆၉၃၃၅)ဧက၊ အရည်အသွေးကောင်းစပါးမျိုး(၃၀၆၆၅)ဧက စုစုပေါင်း ဧကတစ်သိန်း စိုက်ပျိုးသွား မည်ဖြစ်ပြီး မျိုးစေ့၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲနှုတ်ပယ်၊ မျိုးစေ့သန့်စင်လုပ်အားခ စုစုပေါင်း ကျပ် ၁၄၉၁၁.၃၃သန်း ကို CERP အရ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။