ကြော်ငြာနှင့်နှိုးဆော်ချက်များ

နှံကောင်များ နှင့် ပတ်သက်၍ အသိပေးကြေညာချက်။

  • မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသော နှံကောင်များမှာ ဒေသခံ နှံကောင် မျိုးစိတ်များဖြစ်သည့် ကော်ဖီနှံကောင် (Coffee Locust) ၊ ဦးမှင်ရှည်နံကောင် (long-horned grass hopper) ၊ အရှေ့တိုင်း ရွေ့ပြောင်းနှံကောင် (migratory locust)၊ ခြေနီနှံကောင် (red-legged locust) နှင့် လည်ချောင်းချွန်နှံကောင် (spur-throated locust) များ ဖြစ်ပါသည်။
  • အဆိုပါ နှံကောင်များမှာ ခြုံပုတ်များ၊ သစ်တောပင်များ၊ စားကျက်မြက်ခင်းများတွင် အများဆုံး တွေ့ရှိရပြီး၊ သီးနှံပင်များတွင် ထူးခြားစွာ ကျရောက်ဖျက်ဆီးမှု မရှိကြောင်း နှင့် ၂၀၂၀ပြည့်နှစ် ဇွန် ၊ ဇူလိုင်လများတွင် တိုင်းဒေသကြီး ပြည်နယ် (၁၀)ခု ၏ မြို့နယ် (၃၂)မြို့နယ်ရှိ သီးနှံစိုက်ခင်းများ၌ ကျရောက်ခဲ့ရာတွင်လည်း စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်သည်အထိ  သီးနှံများ ပျက်စီးမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။။
  • ရာသီဥတုပြောင်းလဲလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်း၊ သဘာဝမိတ်ဆွေ ပိုးများ ပျက်သုဉ်းလာခြင်း၊ ပိုးကောင်များ နေထိုင်ရာ ပတ်ဝန်းကျင်တွင် လူနေအဆောက်အဦးများ ဆောက်လုပ်နေထိုင်လာခြင်း စသည်တို့ကြောင့် နှံကောင်များ နေထိုင်မှုပုံစံ ပြောင်းလဲ လာရခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။
  • ရာသီဥတုပူ‌နွေးခြင်းသည် နှံကောင်များ လင်မြန်စွာပေါက်ဖွားစေ သကဲ့သို့ ယင်းတို့၏ အစားခြေဖျက်နှုန်းကိုလည်း ကောင်းစေသဖြင့် အစာ ပိုမို စားသောက် သောကြောင့် အစာရှာဖွေရန် စိတ်အားထက်သန်စေပါသည်။ ယခုအခါ မိုးရာသီသို့ ကူး‌ပြောင်းလာနေပြီဖြစ်၍ ကွင်းဆင်း တွေ့ရှိချက်များ အရ နှံကောင်ကျရောက်မှု လျော့နည်း လာနေကြောင်း တွေ့ရပါသည်။
  • အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံများ တွင် ကျရောက်လျက်ရှိသည့် ဖျက်အားပြင်း ကန္တာရကျိုင်း(နှံကောင်)များ၏ ဦးတည်ရာလမ်းကြောင်းမှာ မြန်မာနိုင်ငံသို့ မရောက်ရှိနိုင်တော့ ကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ဖွဲ့စည်းထားသည့် ကန္တာရကျိုင်းကောင် စောင့်ကြည့်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
  • လာအိုနိုင်ငံ ၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံ (ယူနမ်ပြည်နယ်) တို့တွင် ကျရောက်လျက်ရှိသော အဝါရောင် ဆူးဝါးနှံကောင်များ Yellow-spined bamboo locust မှာ မြန်မာနိုင်ငံ၌ ကျရောက်ခြင်း မရှိသေးသော်လည်း အဆိုပါဒေသများနှင့် နီးစပ်သည့် နယ်စပ်တလျောက်ရှိ မြို့နယ် ကျေးရွာ စိုက်ကွင်းများတွင် ကင်းထောက် စောင့်ကြည့်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ က ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
  • တောင်သူများအနေဖြင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အတွက် အကူအညီ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေး ဦးစီးဌာနရုံးများ၊ စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာများ ရှိ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။ 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန