သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၀ ပြည့်နှစ် မိုးစပါးလျာထား ဧက (၄၂၀၀၀၀) ကို ဇူလိုင်လ(၇)ရက်နေ့မှစတင်၍ရေပေးဝေလျက်ရှိပါသည်။ သဖန်းဆိပ်ဆည်၏ ရေပြည့် ရေလှောင်ပမာဏမှာ (၂၈ သိန်း)ဧကပေဖြစ်ပြီး ယနေ့ထိ ဆည်တွင်းသိုလှောင်ရေပမာဏမှာ ( ၇ သိန်း ) ဧကပေခန့်သာရှိပါသည်။မိုးရာသီကာလ အတွင်း ဝင်ရောက်လာနိုင်မည့် ဆည်ရေပမာဏအား ခန့်မှန်း တွက်ချက်၍ လျာထားဧကများ အောင်မြင်စွာ စိုက်ပျိုးရေပေးဝေနိုင်ရန် ကြိုးစား၍စီမံဆောင်ရွက်လျက်ရှိ ပါသည်။
ယခင်နှစ်က သဖန်းဆိပ်ဆည်အတွင်း ဆည်ရေဝင်ရောကမှုနည်းခဲ့၍ နွေစပါး စိုက်ပျိုးခဲ့ခြင်း မရှိသည့်အတွက် လယ်မြေများမှာ အစိုဓါတ်နည်းပါးပြီး ခြောက်သွေ့လျက်ရှိရာ လယ်မြေများအတွင်းသို့ ဆည်ရေပျံ့နှံ့စွာ ရောက်ရှိနိုင်ရန် ယခင်နှစ်ကထက် အထူး ကြပ်မတ်၍ ရေလေလွင့်မှုမရှိအောင် အချိန်ယူပြီး ရေပေးဝေနေရပါသည်။ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေပေးနိုင်ရန်နှင့် တောင်သူများ မျှတစွာ ရေသုံးစွဲနိုင်ရန် ရေအသုံးချသူများအဖွဲ့ WUG များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ရေလှည့်စနစ်များဖြင့် စနစ်တကျ ရေပေးဝေရာတွင် တောင်သူများ ပူးပေါင်းပါဝင်အောင် ပညာပေးစည်းရုံး ဆောင်ရွက်စေခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် WUG အဖွဲ့များနှင့် ပူးပေါင်း၍ ရေပေးမြောင်းများ ရေသွားလမ်းရှင်းလင်းခြင်းများကိုလည်း အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များမှလည်း ရေးဆွဲထားသည့် ရေလှည့် စနစ်များအတိုင်း စနစ်တကျဆောင်ရွက်ရန်၊ ရေအလေအလွင့်မရှိစေဘဲ စနစ်တကျ စီမံခန့်ခွဲ၍ ရေပေးဝေ နိုင်ရန် ဆည်ရေသောက်ဧရိယာများသို့ အပတ်စဉ်လာရောက်၍ အနီးကပ်ကြည့်ကြပ် လမ်းညွှန်ဆောင်ရွက် လျက်ရှိ ပါကြောင်းသိရှိရပါသည်။