ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းကော၊ မြောင်းကော နှင့် ရေနုတ်မြောင်းများ တူးဖော်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ  ချောင်းကော၊ မြောင်းကော နှင့် ရေနုတ်မြောင်းများ တူးဖော် ထားရှိမှုအား ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများက ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၀ ပြည့်နှစ် မိုးကာလ အတွက် ကြိုတင်ပြင်ဆင်ထားမှုများ၊ တူးဖော်ပြီး ဖြစ်သော ရေနုတ်မြောင်းများ အား မိုးတွင်းကာလတွင် ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားမှုများ၊ ‌ရေမြှင့် အဆောက် အအုံများ၊ ရေတံခါးများနှင့် ချောင်းဖြတ်ကွန်ကရစ်တံတား ပြုပြင် တည်‌ဆောက် ထားမှုများအား ရှင်းလင်းတင်ပြသည်။

             ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သည် ဧရာဝတီတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်မှုလျော့နည်းကာကွယ်ရေး၊ စိုက်ပျိုးရေလွယ်ကူစွာ ရရှိစေရေး လုပ်ငန်းများ အတွက် ချောင်းကော မြောင်းကော နှင့် ရေနုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့အား ဖြတ်သန်းစီးဆင်း လာသည့် မိုးရေများသည် ဗောဓိချောင်းနှင့် လက်တက်များဖြစ်သော ကျုံတနီးချောင်း၊ ဆင်ချောင်း၊ ကျုံကရင်ချောင်၊ အင်းမ- ဆောင်ကြာတင်- နာဂါဆာချောင်းများမှတဆင့် ဧရာဝတီမြစ်နှင့် ပြန်မလော့မြစ်သို့ စီးဝင်လျက်ရှိရာ ချောင်းများ တိမ်ကောကျဉ်းမြောင်း နေခြင်းကြောင့် မိုးရာသီတွင် ဓနုဖြူ၊ ကျုံပျော်နှင့် ပန်းတနော်မြို့နယ်များ၌ မိုးရာသီကာလ ရေကြီးနစ်မြုပ်မှု လျော့နည်းစေရန်နှင့် ရေကျပြီးနောက်ပိုင်း သီးနှံများ ဆောလျင်စွာ စိုက်ပျိုးစေရေး၊ စိုက်ပျိုးရေ လွယ်ကူစွာ ရရှိစေရေး၊ နွေစပါးအောင်ရေ လုံ‌လောက်စွာ ထိန်းညှိသိုလှောင်ပေးဝေနိုင်ရန်နှင့် ကူးသန်းသွားလာမှုလွယ်ကူစေရေးအတွက် ချောင်းကူး သံကူကွန်ကရစ် တံတားများ တည်ဆောက်ကာ ချောင်း‌ကော မြောင်းကော ရေနုတ်မြောင်း တူးဖော်ခြင်းများကို အလေးထား ဆောင်ရွက် လျှက်ရှိသည်။ စုစုပေါင်း အလျား ၂၇.၉၅မိုင် ရှိ  ချောင်း‌ကော မြောင်းကော ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဖော်ပြပါမြို့နယ်များ ရှိ ကျေးရွာ ပေါင်း(၁၃၀)ကျော်နှင့် လယ်မြေဧက(၂၇၀၀၀)ခန့် ရေကြီးနစ်မြုပ်မှုကို လျော့နည်း သက်သာစေပြီး မိုးနှောင်း ကာလတွင် ရေကျ နောက် သီးနှံများ စောလျင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထို့အပြင် နွေစပါး စိုက်လယ်မြေ ဧက တစ်သောင်းခန့်အတွက် အောင်ရေ အပြည့်အဝ သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် လယ်ယာထုတ်ကုန်များသယ်ယူပို့ဆောင်နိုင်မည့် ရေကြောင်း သွားလာရေး အတွက်ပါ ပိုမို အဆင်ပြေမည်ဖြစ်သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာသို့ ရောက်ရှိကြရာ သမဝါယမဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်မာအေး က ရွှေညောင်တုန်း လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်း လီမိတက်၏ မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် သမဝါယမလုပ်ငန်း ဆောင်ရွက်မှုများ၊ လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျစနစ်ဖြင့်ဝယ်ယူ ထားပြီး အသင်း အစုအဖွဲ့အလိုက် ပြန်လည်ငှားရမ်းသုံးစွဲ နိုင်စေရေး ဆောင်ရွက်ပေးနေမှုများ၊ ညောင်တုန်း မြို့နယ် အတွင်း လယ်ယာကုန်ထုတ်သမဝါယမအသင်း အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်နေမှုများ၊ Action Plan(၈)ရပ် အပေါ် လုပ်ငန်းဆောင်ရွက် နိုင်မှု အခြေအနေများ၊ ဌာနဆိုင်ရာ ဝန်ထမ်းအင်အား လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။

ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ကျေးလက်ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးမှုသည်လည်း အရေးပါသည့် ကဏ္ဍတွင် ရှိနေကြောင်း၊ အဓိကကျသည့် နည်းပညာအပိုင်း၊ လုပ်ငန်း လည်ပတ်စေရေး ဘဏ္ဍာငွေ လျာထားဆောင်ရွက်မှု စသည့် ကဏ္ဍတို့တွင် သမဝါယမ၏ ဂုဏ်သဘော ဖြစ်သည့် စည်းလုံးညီညွတ်မှုရှိရေး သည် လိုရာ အောင်မြင်မှုပန်းတိုင်ကို ‌ရရှိစေမည် ဖြစ်ကြောင်း၊ သမဝါယမဦးစီးဌာနမှ အရစ်ကျစနစ်ဖြင့် လယ်ယာသုံးစက်ကိရိယာများ ဆောင်ရွက်ပေးသလို သုံးစွဲသူတောင်သူများကလည်း စနစ်တကျ ထိန်းသိမ်းပြီး အကျိုးရှိစွာ သုံးစွဲပေးကြစေလိုကြောင်း၊ လယ်ယာအထောက်အကူပြု သမဝါယမ အသင်းများ၊  သမဝါယမ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် အသင်းသူ၊ အသင်းသားများ အားလုံး ဝိုင်းဝန်းဆောင် ရွက်ပေးစေလိုကြောင်း၊ တူညီမှုကို ပူးပေါင်းလုပ်ဆောင်ပြီး မတူညီမှုများကို ဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည့်။          ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆားမလောက်ကျေးရွာ တွင် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်“(CERP)အရ SRI စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သတင်းရရှိသည်။