သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလွန်ကာလ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

          ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ (၁၀)ရက်နေ့ နံနက် (၈)နာရီ အချိန်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ဦးခင်မောင်ညွန့်၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး၊ သင်တန်းကျောင်းတာဝန်ခံနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊သင်တန်းသူများတက်ရောက် ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကို မြန်မာ-ကိုရီးယားနှစ်နိုင်ငံတို့ ပူးပေါင်း၍ ကျေးရွာ (၁၁၀) ၌ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းအောင်မြင်စွာပြီးမြောက်ခဲ့ သော်လည်း ၊ အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့သည့် ကျေးရွာများရှိ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူ ကျေးရွာသားများ၏ တက်ကြွသောပူးပေါင်းမှုဖြင့် စီမံကိန်းလွန်ကာလ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။စီမံကိန်း၏ ရာနှုန်းပြည့် အောင်မြင်မှုများကြောင့်  တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ကျေးရွာပေါင်း(၂၆)ရွာ တွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာန AERDTC သင်တန်းကျောင်း က ကျေးရွာခေါင်းဆောင်များ အတွက် လိုအပ်သော ကိုယ့်အားကိုယ်ကိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လုံ့လ ဝီရိယရှိခြင်း စသည့် ကျေးရွာသစ် (SMU) စိတ်ဓါတ် အပါအဝင် အသိပညာ နှင့် နည်းပညာပေး သင်တန်းများကို ဖွင့်လှစ်ပို့ချပေး လျက်ရှိသည်။စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဒုတိယအကြိမ်အဖြစ် ကျေးရွာပေါင်း (၁၃၀)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနနှင့်ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းမှ ရရှိ သည့် ရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၁၀၅)ရွာ တွင်လည်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ယနေ့ဖွင့်လှစ်သည့် ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၀)သို့  ကျေးရွာခေါင်းဆောင် သင်တန်းသား၊ သင်တန်းသူ (၅၄) ဦးတို့ တက်ရောက်လေ့လာ သင်ယူ လျက်ရှိပြီး သင်တန်းကို သြဂုတ်လ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။