ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် နှင့် တာဝန်ရှိသူများ Cash For Work စီမံကိန်း နှင့် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရာသီဥတု ပြောင်းလဲသက်ရောက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးများကို ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေကြရသကဲ့သို့ Covid-19 ကူးစက်မြန်ကပ်ရောဂါကိုလည်း ရင်ဆိုင်ကျော်ဖြတ်နေရသည့် လက်ရှိအခြေအနေများတွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ရုန်းကန် နေရသော မိမိတို့အနေဖြင့် ကဏ္ဍအသီးသီးက သတိရှိရှိ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် ပြီး တစ်မိသားစုချင်းစီ၏ ဘဝရပ်တည်ရေး၊ ဒေသတစ်ခုချင်းစီ၏ ဖွံ့ဖြိုးရေးမှသည် မိမိတို့ အားလုံး မျှော်မှန်းထားကြသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် ထူထောင်နိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေသနေ ပြည်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်၀င်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ် အလမျိုးကျေးရွာအုပ်စု အလမျိုးကျေးရွာ အတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် စီမံကိန်း တာဝန်ရှိသူများက အလမျိုးကျေးရွာ လူထုဗဟိုပြုစီမံကိန်း ၏ ပထမနှစ် နှင့် ဒုတိယနှစ် စက်ဝန်းကာလ ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ လက်ရှိ တတိယနှစ်စက်ဝန်းကာလ ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ၊ ကျုံတနီး၊ ချောင်းစောက်နှင့် ကုန်းတန်းမြောက် ကျေးရွာများ တွင် ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်း(VRFP)နှင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြ ကြသည်။ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ကျေးလက် အခြေခံ အဆောက် အဦများ၊ ကျေးရွာမီးလင်းရေး နှင့် ကျေးလက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ ကလည်း ဆောင်ရွက်ပြီးစီးမှုများအား ရေရှည်တည်တံ့ရေး၊ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေး တို့ကို ကျေးရွာလူထုအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာအကူအညီများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားသည်။

အလမျိုးကျေးရွာအတွင်း ကျေးလက်ကွန်ကရစ်လမ်းခင်းခြင်း ကို စီမံကိန်း ထောက်ပံ့ ငွေ (၂၂၆ ဒသမ ၁၂၇၆၃ သိန်း)၊ ကျေးရွာလူထုထည့်ဝင်ငွေ (၃ သိန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက် တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင် ပြီးစီးခဲ့ခြင်း ဖြစ်ကာ (၆) တန် အောက် ယာဉ်များ သွားလာနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီးဝန်ကြီး နှင့် အဖွဲ့သည် ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းကျေးရွာအုပ်စု စမ်းရွာကျေးရွာ၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မျှင်ဝါးတောင်ကျေးရွာ တို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP) အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းဖြင့် ကျေးလက်ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်း (VRFP)၊ လူထုဗဟိုပြုစီမံကိန်း(CDD) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း Cash For Work စီမံကိန်းကျေးရွာ (၂၅၀)ရွာ ၊ ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်း (VRFP)  (၁၀၀)ရွာ၊ လူထုဗဟိုပြုစီမံကိန်း(CDD) (၆)မြို့နယ် တို့ဖြင့် ကျေးလက်နေပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။