Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေး အတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်”(CERP)အရ မျိုးစေ့ထုတ် တောင်သူများ အား ထောက်ပံ့ပေးခြင်း၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ် သူ တောင်သူ လယ်သမားများ အတွက် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ နည်းပညာ နှင့် လိုအပ်ချက်များ ကူညီပေးခြင်း စသည့် အခွင့်အလမ်းများ အား အကျိုးရှိစွာအသုံးချပြီး တောင်သူများအနေဖြင့် ဆန်စပါးသီးနှံ စိုက်ပျိုး ၍ မိမိတို့၏ အခြေခံ စီးပွားရေး ခိုင်မြဲအောင် ကြိုးပမ်းလုပ်ဆောင်ကြစေလိုကြောင်း ဓနုဖြူ မြို့နယ်၊ နန်းတော်ကုန်း ကျေးရွာ စိုက်ကွင်းရှင်းလင်းဆောင် ၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြား သည်။
Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကို သြဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာ မိုးစပါး စိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်၀င်း ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသနေ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ထိခိုက်နစ်နာမှုများအား ပြန်လည်ကုစားရေးလုပ်ငန်းစဥ်အား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဓိကပါဝင်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများတွင် တောင်သူများအနေဖြင့်စိုက်ပျိုးရေးကဏ္ဍကို အားထား လုပ်ကိုင်လျက် ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားများ၏ အခြေအနေ ပြန်လည် တည့်မတ် စေရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းအား တပိုင်တနိုင် မှ စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင် သည် အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး က တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦး အား အလှူငွေ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဥ်(CERP) အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၆၀) ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးသက်လတ် မျိုးများ ယှဥ်ပြိုင်စမ်းသပ်ကွက် ကို လည်းကောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စံပြစိုက်ဧက(၄၀၀) စိုက်ခင်းကို လည်းကောင်းအား ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးမျိူးဇော် တို့က ရှင်းလင်းပြသကြသည်။
နေ့လယ်ပိုင်းတွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ ၌ ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဥ် (CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၂၇ ဒဿမ ၅) ဧက ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်း ခြင်း စံပြကွက်များ၏ ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများ နှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ၌ (RS to CS) မိုးစပါးမျိုးစေ့ထုတ်ဧက (၉၅၈၅)စိုက်ပျိုးရန် လျာထား စီမံ ထားရှိပြီး ကိုဗစ် -၁၉ စီးပွားရေး ကုစားမှုအစီအစဥ်(CERP) အပါအဝင် မိုးစပါးမျိုးစေ့ထုတ် (၅၉၆၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း ဧက(၃၇)သိန်းကျော် စိုက်ပျိုးရန် လျာထား ထားပြီး၊ ယနေ့အထိ မိုးစပါးဧက(၃၁)သိန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သတင်း ရရှိသည်။