စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရေးအတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ကို ခိုင်ခိုင်မာမာ ရေးဆွဲ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ တောင်သူပညာပေးလုပ်ငန်းများကို “ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း (One Stop Service)အသွင်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ခုနှစ် မတ်လ (၁)ရက်နေ့တွင် နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့သည်။
တောင်သူလယ်သမားဦးကြီးများ၊ လယ်ယာကဏ္ဍနှင့်ပတ်သက်သူများ၊ စိုက်ပျိုးရေး လုပ်ငန်းကို စိတ်ဝင်စားသူများ အနေဖြင့် နည်းပညာ ဆိုင်ရာ အခက် အခဲများ၊ ပိုးမွှားရောဂါ ပြဿနာများ၊ မြေဆီလွှာနှင့်မြေသြဇာဆိုင်ရာများ၊ အခြားသိရှိလိုကြသည့် မေးခွန်းများကို ဖြေကြားပေးခြင်းကို အစိုးရရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ Call Center တာဝန်ကျ ဝန်ထမ်းများက ဖြေကြားပေးလျက်ရှိရာ (၁.၃.၂၀၁၇) မှ (၃၁.၇.၂၀၂၀) နေ့အထိ (၅၁၄၈) ကြိမ် ဖြေကြားပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် လ အတွင်း Call Center သို့ Hot Line ဖြင့် (၃၃) ကြိမ်၊ ကြိုးဖုန်းဖြင့်(၃၂) ကြိမ်၊ Facebook ဖြင့် (၃၁) ကြိမ် နှင့် Viber ဖြင့် (၂၆) ကြိမ် စုစုပေါင်း (၁၂၂) ကြိမ် ခေါ်ဆို မေးမြန်းခဲ့ပြီး မေးခွန်းများအနေဖြင့် သီးနှံကာကွယ်ရေးဆိုင်ရာ(၃၅)ကြိမ် ၊ စိုက်သိပ္ပံနှင့် အထွေထွေဆိုင်ရာ (၂၇) ကြိမ်၊ စိုက်ပျိုးပညာပေးရေးဆိုင်ရာ(၂၇)ကြိမ် ၊ ဥယျာဉ်/ဇီဝ(၁၇)ကြိမ်၊ မြေအသုံးချရေးဆိုင်ရာ(၁၀)ကြိမ်၊ စက်မှုသီးနှံဆိုင်ရာ(၃) ကြိမ် နှင့် မျိုးစေ့ဆိုင်ရာ(၃)ကြိမ် တို့ဖြစ်ကြောင်း Call Center တာဝန်ခံ ဒေါ်အေးအေးခိုင် ထံမှသိရသည်။
“ စိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာများ အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် သူ တာဝန်ကျ ဝန်ထမ်းတွေ က အမြန်ဆုံးတုန့်ပြန် ဖြေကြားပေးနေကြပါတယ်။ နည်းပညာနဲ့ မသက်ဆိုင် ပေမယ့်လည်း ဖြေကြားသင့်တဲ့ မေးခွန်းတွေအတွက် သက်ဆိုင်ရာဌာနတွေကို စုံစမ်းဆက်သွယ်ပြီး ကြိုးစားဖြေကြားပေးနေပါတယ် ၊ Hot Line ဖုန်း ၅ လုံးရှိလို့ တစ်ချိန်တည်းမှာ မေးမြန်းသူ ၅ ဦးသာ ဆက်သွယ်နိုင်မှာဖြစ်လို့ တစ်ချို့ အခြေအနေမျိုးမှာ ခေါ်ဆိုရ ခက်ခဲနိုင်ပါတယ် ၊ Hot Line ခေါ်လို့ ခက်ခဲတဲ့အခါမျိုးမှာ Facebook နဲ့ Viber တို့က မက်ဆေ့ချ်ပို့ မေးမြန်းထားလို့လည်းရပါတယ် ၊ မေးခွန်း အကြောင်း အရာ အလိုက် ကျွန်မတို့ Call Center က အမြန်ဆုံး ပြန်လည်ဖြေကြား ပေးနေပါတယ်” ဟု ဒေါ်အေးအေးခိုင် က ပြောသည်။
နေပြည်တော် ရုံးအမှတ်(၄၃)တွင် အခြေစိုက် ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ဆက်သွယ်လိုပါက Hot Line 01-2399555 ၊ Viber 09764000841 ကြိုးဖုန်း 067-3410139 ၊ Facebook account- စိုက်ပျိုးရေးဦးစီးဌာန Call Center ၊ facebook စာမျက်နှာ www.facebook.com/doamoali တို့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ၊ Website www.doa.gov.mm တွင်လည်း ဝင်ရောက်လေ့လာ နိုင်ကြကြောင်း သတင်းရရှိသည်။