သတင်းကဏ္ဍ

ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာ၌ SRI စိုက်နည်းစနစ် စာတွေ့ လက်တွေ့ တောင်သူသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာနနှင့် “ရွှေခြင်္သေ့ ပရဟိတ”အသင်းတို့ ပူးပေါင်း၍ စပါးအစွမ်းဖွင့် SRI စိုက်နည်း စနစ် သင်တန်း စာတွေ့ လက်တွေ့ တောင်သူသင်တန်း ကို သြဂုတ်လ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာ၌ ကျင်းပရာ တောင်သူ(၃၅)ဦး တက်ရောက်လေ့လာလျက်ရှိ ကြသည်။

            သင်တန်းတွင် ဆရာဦးသိန်းဆု က လိပ်ချင်းကျေးရွာ တောင်သူ ဦးဝေဖြိုး ၏ ကွင်းအတွင်း လက်တွေ့ ကွင်းသရုပ်ပြ သင်ကြားပြသရာ သင်တန်းသားများ က စပါးအစွမ်းဖွင့် SRI စိုက်နည်းစနစ်ကို ဆရာကြီးနှင့်အတူ လက်တွေ့စိုက်ပျိုးခဲ့ကြသည်။

မိုးရွာသွန်းမှု နည်းပါးလာတာနဲ့အမျှ ဆည်ရေသိုလှောင်နိုင်မှုများ ကျဆင်းလာတာကြောင့် လက်ရှိ အခြေအနေ မှာ စိုက်ပျိုးရေ ချွေတာ သုံးစွဲဖို့ လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်အနေနဲ့ သဖန်းဆိပ်ဆည်ရေကို အားကိုးနေရတဲ့ ဒေသဖြစ်တဲ့ အတွက် ရေလိုအပ်ချက်နဲပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေမယ့် SRI စိုက်နည်းစနစ် ကို တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာဘို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဌာနနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး နည်းပညာပြန့်ပွားရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ပါတယ် ဟု စိုက်ပျိုးရေးဦးစီးဌာန ၊ ရွှေဘိုမြို့နယ် ဦးစီးမှူး ဒေါ်ဇာဇာမင်း က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ၌ ယခုနှစ်မိုးစပါး ၁၁၈၅၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ပြီး၊  SRI စိုက်နည်းစနစ်ဖြင့် ဧက ၂၀၀ ကျော် စိုက်ပျိုးလျက်ရှိရာ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် နည်းပညာပြန့်ပွားရေး နှင့် တောင်သူများ SRI စိုက်နည်းစနစ်ကို စိတ်ဝင်စားစွာ ဆောင်ရွက်လာရန် အသိပညာပေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။