ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကေတုမတီငါးနှင့် ကြက်မွေးမြူရေးကုန်ထုတ်သမဝါယမ အသင်းလီမိတက် က “ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်” အစီအစဉ်ဖြင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်း၊ ယိုးဒယားငါးခုံးမတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်း၊ ငါးတန် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်း၊ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ နှုန်း၊ ငါးမုတ် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကေတုမတီငါးနှင့် ကြက်မွေးမြူရေးကုန်ထုတ်သမဝါယမ အသင်းလီမိတက်သည် အသင်းပိုင်ငါးကန်ဧက(၁၃၀)ခန့်တွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ယိုးဒယားငါးခုံးမ၊ ငါးမုတ်စသော ငါးမျိုးစုံကို မွေးမြူကာ တစ်နှစ်လျှင် အထီးနှစ်ကောင်၊ အမတစ်ကောင် ပါဝင်သည့် ငါးအစုံရေ(၇၅)စုံစီကို ဆေးထိုးသားဖောက်ပြီး ငါးမှုံအကောင်ရေ သိန်း(၁၀၀)ခန့် ရရှိကြောင်း ၊ ငါးမှုံမှ ငါးသန်၊ ငါးသန် မှ ငါးဖျန်း၊ ငါးဖျန်း မှ အသားတိုး သည့် ကာလ အဆင့်ဆင့် တစ်နှစ်ခွဲခန့်ကြာလျှင် ပိဿာချိန် နှစ်သိန်းတစ်သောင်းခန့် ရရှိလာသဖြင့် တစ်ရက်လျှင် ငါးပိဿာချိန် (၇၀၀)ခန့် ထုတ်လုပ်နိုင်လျက်ရှိကြောင်း သတင်းရရှိသည်။