ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Cash for Work စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

“Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ အကောင် အထည်ဖော် ဆောင်ရွက် သည့် Cash for Work စီမံကိန်း ကို ကျေးလက်နေ ပြည်သူများ အတွက် ဝင်ငွေ ရရှိရေး နှင့် ကျေးရွာ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက် ပေးခြင်း နှင့်အတူ မိသားစုစားဖိုဆောင်စရိတ်လျော့ချနိုင်ရန် ၊ လတ်ဆတ်ပြီး အာဟာရ ပြည့်ဝ သည့် ဟင်းသီးဟင်းရွက်များ အလွယ်တကူ စားသုံးနိုင်ကြစေရန် တစ်ပိုင်တစ်နိုင် မိသားစု စိုက်ခင်း များ ထူထောင်လုပ်ကိုင်နိုင်ရေး နှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ တွဲဘက် လုပ်ကိုင် နိုင်ရေး ကိုလည်း ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Cash for Work စီမံကိန်း ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ပြောသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော် နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၆ ရက် ညနေပိုင်းတွင် နေပြည်တော် ၊ ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ် ကုန်းပေါ်စုကျေးရွာ နှင့် အိမ်ခြေနှစ်ဆယ် ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးအားပေးသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်းပေါ်စုကျေးရွာ သို့ ရောက်ရှိကြရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နေပြည်တော် တိုင်းဒေသကြီးဦးစီးမှူး ဦးဌေးဝင်း နှင့် တာဝန်ရှိ သူများ က လယ်ဝေးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းဆိုင်ရာများ ၊ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်း တင်ပြ ကြပြီး ညွှန် ကြား ရေး မှူး ချုပ် ဦးခန့်ဇော် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင်  ကိုရိုနာဗိုင်းရပ် Covid-19 ကူးစက်ရောဂါအကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူ များ အား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အဖခြခံအဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ကျေးလက် နေ ပြည်သူများ ဝင်ငွေရရှိရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်သော Cash for Work စီမံကိန်း သည် ငွေကြေး တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက် ရသည့် လုပ်ငန်းဖြစ်သဖြင့် သံသယ နှင့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်  အထူး ဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း၊ Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများ က အမြန်ဆုံး ရုန်းထွက် နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်”(CERP) ကိုချမှတ်ဆောင်ရွက်ရာတွင် မိမိတို့ ကျရာ အခန်းကဏ္ဍက ထိရောက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ လတ်တလော ဆောင်ရွက်ချက်များအရ ဒေသနေ ပြည်သူများနှင့် ထိတွေ့ဆက်ဆံစဉ်အတွင်း ၎င်းတို့၏ ရေရှည် စားဝတ်နေရေး ချောင်လည် စေရေးနှင့် မိသားစုအပိုဝင်ငွေရရှိစေနိုင်သည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ဆက်စပ် ဌာနများ အချင်းချင်း ချိတ်ဆက်ကူညီပေးနိုင် ရေးကိုပါ ကြိုးပမ်းပေးကြရန် တိုက်တွန်းမှာကြားသည်။

ကုန်းပေါ်စုကျေးရွာ တွင် အိမ်ထောင်စု ၂၇၇ စု ရှိပြီး လူဦးရေ ၁၁၈၇ ဦး နေထိုင်လျက် ရှိကာ တောင်သူ(၃၅)ဦး၊ စျေးဆိုင်(၆)ဆိုင် နှင့် လက်လုပ်လက်စား(၂၃၆)ဦးရှိကြောင်း၊ ယခု ဆောင်ရွက် သည့် Cash for Work စီမံကိန်းတွင် ပါဝင်သည့် ရွာတွင်းလမ်း ရိစာ ပြုပြင်ခြင်း၊ ရေ မြောင်း တူး ခြင်း၊ ဝါးထရံကပ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သဖြင့် လုပ်အားခတန်ဖိုး ၅၉၅၀၈၀၀ ကျပ် ကို ခံစားကြရမည်ဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေနှစ်ဆယ်ကျေးရွာ သို့ ရောက်ရှိကြပြီး ကျေးရွာသူ ကျေးရွာသားများက Cash for Work စီမံကိန်း တွင်ပါဝင်သည့် လမ်းဘေး မြောင်း တူးခြင်း ၊ လက်တူးတွင်းဆယ်ယူခြင်း၊ ကျေးရွာ အစည်းအဝေးခန်းမ တည်ဆောက် ခြင်း လုပ် ငန်း များတွင် ပါဝင် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။အိမ်ခြေနှစ်ဆယ်ကျေးရွာ တွင် အိမ်ထောင်စု ၆၃ စု ရှိပြီး လူဦးရေ ၂၁၀ ဦး နေထိုင်လျက် ရှိကာ တောင်သူ(၂၅)ဦး၊ စျေးဆိုင်(၁)ဆိုင် နှင့် လက်လုပ်လက်စား(၃၇)ဦး ရှိကြောင်း၊ ယခု ဆောင်ရွက် သည့် Cash for Work စီမံကိန်းတွင် ပါဝင်သည့် လမ်းဘေးမြောင်းတူးခြင်း ၊ လက်တူးတွင်း ဆယ်ယူခြင်း၊ ကျေးရွာအစည်းအဝေးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပါဝင် ဆောင် ရွက် သဖြင့် လုပ်အားခတန်ဖိုး ၆၀၂၀၀၈၂ ကျပ် ကို ခံစားကြရမည်ဖြစ်သည်။

Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်(၂၅၉)မြို့နယ်ရှိ ကျေးရွာ ပေါင်း(၂၄၈၈)ရွာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၂၅)ဘီလီယံဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်း ကျေးရွာတစ်ရွာလျင် ကျပ်သိန်း(၁၀၀)ခွဲဝေပေးပြီး ကျေးရွာလူထု၏ ဆုံးဖြတ်ချက်ဖြင့် မိမိ ရပ်ရွာ လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်သူကို လုပ်အားခခံစားစေခြင်း Labor Intensive နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၃၅၅၀)ခု ကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် နန်ချွန်ကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အရ ချေးငွေ ထုတ်ချေးပေးနေမှုကို ကြည့်ရှုအားပေးသည်။နန်ချွန်ကျေးရွာ တွင် လူဦးရေ (၃၈၃)ဦး နေထိုင်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက် ပံ့ ငွေ ကျပ်သန်း(၂၀)ဖြင့် ဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)မှ ချေးငွေများ ရယူပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိ ရသည်။