မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း MS-NPAN မျှော်မှန်းချက်များ ပြည့်မီစေရန်အတွက် ဖော်ဆောင်ရမည့် လုပ်ငန်းများအား ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လွှတ်တော်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အထောက်အကူ ပြုစေရန် ရည်ရွယ်ကာ “မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ” ကို ဇူလိုင်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီ က အမျိုးသား လွှတ်တော် အဆောင် ၁၄ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ ဥက္ကဌ ဦးအောင်ကြည်ညွန့် နှင့် EU Head of Cooperation မှ Mr. Johann Hesse တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြား ခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က လည်းကောင်း၊ ADS နှင့် Investment Plan အား ပထမနှစ် (၂၀၁၈-၁၉ ဘဏ္ဍာနှစ်) အတွင်း အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများကို Agriculture Development Strategy Implementation Support Unit – ADSISU ၏ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဌ နှင့် အဖွဲ့ဝင်များ က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။