ပြည်ထောင်စုအဆင့်သတင်း

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေး

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  သြဂုတ်လ (၅)ရက် နေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ကရင်ပြည်နယ် ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ကုန်းတွင်း ငါး မွေးမြူရေး လုပ်ငန်းများ၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေးလုပ်ငန်းများ နှင့် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊  အလုပ်အကိုင် အခွင့်အလမ်း ရရှိစေနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျွဲ၊ နွားကုန်သွယ်မှုကို ဥပဒေနှင့်ညီညွတ်သော ပိုမိုလွယ်ကူ လျင်မြန်မှုရှိသည့်  လုပ်ငန်းစဉ်များချမှတ်ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ကျွဲ၊နွားများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandary Practice-GAHP)လိုက်နာ ဆောင်ရွက်ရန် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။