ဆောင်းပါး

“ရွက်နုစိမ်းစို  သစ်ပင်အို”

                         ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ပထမပါတ်၊ စနေနေ့(၄-၇-၂၀၂၀)တွင် ကျရောက်သည့် I.C.A (အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့)ကို နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

                     ဪ… ဘာလိုလိုနှင့် သမဝါယမသစ်ပင်ကြီးအောက်မှာ မခင်မွှေး ခိုနားခွင့် ရခဲ့တာဖြင့် (၃၄)နှစ်တိုင်ခဲ့ ပေပြီ။ နောက်လည်း မျိုးဆက်သစ်များ ခိုနားရန် သည်အပင်ကြီး အောက်က မခင်မွှေးခွဲခွာရပေဦးတော့မည်။ သည်အပင် ကြီးကဖြင့် မအိုသောသစ်ပင်ကြီးပါ။ သစ်ပင်ကြီး သက်တမ်းကဖြင့် (၁၁၅)နှစ် ကျော်ခဲ့လေပြီ။

၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့များ သိမ်းပိုက်ခဲ့ပြီး၊ ချစ်တီး ကုလားများ လက်အောက် ဂုတ်သွေးစုတ်ခြင်းကို ခံနေရသော တောင်သူ လယ်သမားများက စီးပွားရေးကြပ်တီးမှုကို မခံမရပ်နိုင်သည်မှ အစပြုကာ(၃-၁-၁၉၀၅)ခုနှစ် စစ်ကိုင်းတိုင်း၊ မြင်းမူ သမဝါယမငွေစုငွေချေးအသင်းကို ထူထောင်ခြင်းဖြင့် သမဝါယမစနစ်ကို ကျင့်သုံးသော သမဝါယမ မှတ်တိုင်ကို ပန္နက်ချလိုက်နိုင်ခြင်းဟု ဆိုလျှင် မှားမည်မထင်ပါ။

ဒါသည် သမဝါယမ၏သမိုင်းအစဟု မခင်မွှေးက ဆိုချင်ပါသည်။ သမဝါယမသည် ခေတ်ရေစီးကြောင်းမှာ ရှင်သန်ခဲ့သည်။ ကိုလိုနီနယ်ချဲ့အစိုးရ လက်အောက်မှာ သန္နေတည်ခဲ့ သည့် သမဝါယမသည် ခေတ်ရေစီးကြောင်းမှာ စုန်ချည်တစ်ခါ ဆန်ချည်တလှည့်၊ နိမ့်ချည် တစ်ခါ မြင့်ချည် တစ်လှည့်နှင့် ဗေဒါပန်းလေးပမာ စီးမျောခဲ့ရသည်။

သမဝါယမဦးစီးဌာနအကြီးအကဲများအစမှ အောက်ခြေဝန်ထမ်းများအဆုံး၊ အသင်းစုမှ အကြီးအကဲများ၊ ဝန်ထမ်းများ၊ B.O.D အဖွဲ့ဝင်များ အားလုံး ပင်ပမ်းခဲ့ကြသည်။ ဒီမိုကရေစီခေတ်ဦးပိုင်းမှ အစပျိုးခဲ့သော သမဝါယမသည် ယခုဆိုလျှင် ရုပ်လုံးပုံကြွ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

နိုင်ငံတော်၏ အမျိုးသားလူမှုရေး၊ စီးပွားရေး၊ တည်ဆောက်မှုလုပ်ငန်း များကို ဖော်ဆောင်နိုင်ရန် သမဝါယမကဏ္ဍမှ စွမ်းဆောင်နိုင်သမျှ ဆောင်ရွက်ခဲ့ကြ သည်။ စိုက်ပျိုးမွေးမြူရေး၊ အသေးစားချေးငွေလုပ်ငန်းများ အပြင် လယ်ယာမြေလုပ်ငန်းများကို ထဲထဲဝင်ဝင် ပံ့ပို့ကူညီလုပ်ကိုင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သည့်အတွက် မခင်မွှေးတို့ သမဝါယမဦးစီးဝန်ထမ်းများ တစ်ရွာဝင် တစ်ရွာထွက် ကွင်းဆင်းရသည်။ အမှန်တကယ် လုပ်ကိုင်လိုသူများ၊ အရင်းအနှီးမရှိ၍ လုပ်ငန်းခွင်ထဲ မဆင်းနိုင် သူများကို ဆန္ဒတူညီသူခြင်း စုစည်း ခြင်းဖြင့် အသင်းဖွဲ့စည်း ရန် စည်းရုံးရသည်။

ထိုအသင်းများထဲတွင် အမှန်တကယ် ဆန္ဒတူသူများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များ၊ လိုအင်ဆန္ဒများ ဖြည့်စွမ်းနိုင်ရန်အတွက် ပူးပေါင်းပိုင်ဆိုင်ပြီး၊ အများဆန္ဒနှင့်အညီ ကိုယ်ပိုင်ပါဝင်ခွင့် ရှိသည့် အသင်းသားများ ပါဝင်စေပါသည်။

သမဝါယမသဘောတရားများ၊ ကျင့်ဝတ်များ ရှင်းပြပြီး သဘောပေါက် နားလည် လာသည့် အသင်းသား များကို အသင်းအဖြစ် ဖွဲ့စည်းစေလျှက် လိုအပ်သော ငွေအရင်းအနှီး ထုတ်ချေးပေးခြင်း၊ အရစ်ကျစနစ်ဖြင့် လယ်ယာသုံး စက်ကရိယာများ ရောင်းချပေးခြင်း၊ ပိုးသက်ဆေး၊ ဓာတ်မြေသြဇာ စသည့် စွမ်းအားစုပစ္စည်းများ ရောင်းချပေးခြင်း၊ မျိုးစေ့ထုတ်လုပ် ရောင်းချခြင်း၊ လယ်ယာမြေများ ပြုပြင်ခြင်း၊ သီးနှံရိတ်သိမ်းရန်အတွက် လယ်ယာဝန်ဆောင် အသင်း များနှင့် ချိတ်ဆက်ပေးခြင်း၊ ထွက်ရှိလာသော သီးနှံများကို ပြင်ပပေါက်စျေးထက် စျေးပိုပေးခြင်း၊ အလေအလွင့်နည်းပါး အောင် စံချိန်စံညွှန်းညီအောင် ကြိတ်ခွဲပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါသည်။

စိုက်ပျိုးထုတ်လုပ်သည့် ကဏ္ဍကို ကြည့်မည်ဆိုလျှင် ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မှ ထွက်ရှိသည့် ကော်ဖီမှုန့်ထုတ်လုပ်သည့် လုပ်ငန်းသည် ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်ခဲ့သည်အထိ အောင်မြင်လျှက်ရှိသည်။

သမဝါယမအကြီးအကဲများသည် ကော်ဖီစိုက်တောင်သူများအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်စွက် ပံ့ပိုးခဲ့သည်။ နည်းပညာမျိုးစေ့၊ မြေယာမြေပြုပြင်ခြင်း  အရင်းအနှီးများကို အသင်းသားများအား ပံ့ပိုးနိုင်မှုကြောင့်လည်း အောင်မြင်မှုရလာဒ်ကို စုပေါင်းပိုင်ဆိုင်ခွင့် ရခဲ့ခြင်းပါ။

နောင်လည်း သည်အောင်မြင်မှု၏ အကျိုးကျေးဇူးများကို ခံစားခွင့်ရဦးမည်မို့ အသင်းသားများ ပျော်ရွှင် ကြသည်။ သည်အောင်မြင်မှုကိုလည်း သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ အသင်းစုဝန်ထမ်းများလည်း ကြည်နူးကြရ ပါသည်။ “သမဝါယမမူ”ကို ကျင့်ကြံ လာမှုကြောင့် ရရှိလာသော အောင်မြင်မှုက သည်မျှမကသေး။ လူမှုစီးပွားရေး မြှင့်တင်ပေးနိုင်ရုံ သာမက ရပ်ရွာအကျိုးမြင့်တက်လာအောင်လည်း အသင်းသားများက ကြိုးစားနေကြပါသည်။

“မြန်မာမှာ ပုဂံ”ဟုဆိုလိုက်သည်နှင့် ကမ္ဘာကသိသလို “ကော်ဖီမှာဆို ရွာငံ” ဟု ကမ္ဘာလှည့်ခရီးသည်များ သိလာအောင် ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းလျှက်ရှိသည်ဟု မခင်မွှေးမိတ်ဆွေက ပြောပြဘူးပါသည်။ မိတ်ဆွေသည် ရွာငံကော်ဖီမှုန့် ဖြန့်ချီရေး လုပ်ငန်းကို မန္တလေးတိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ပြည်ပခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင် သူ လည်း ဖြစ်ပေရာ ရွာငံမြို့နယ်၏ သဘာဝရေမြေတောတောင်၊ နာမည်ကြီး ရေပြာအိုင်အလှ စျေးကွက်ဝင် ရွာငံထွက် ကော်ဖီအရသာတို့ဖြင့် လူနေမှုမြင့်တက်နိုင်ရန် ကြိုးပမ်းနေကြရကြောင်း ပြောပြလေရာ မခင်မွှေး ဝမ်းသာမိပါ၏။ သမဝါယမပုံရိပ်များ လွှမ်းခြုံလာနိုင်သည်နှင့်အမျှ ပြည်သူများ အားကိုးရာ သမဝါယမအဖြစ် ပြောင်းလဲလာနိုင်ပါလိမ့်မည်။ ဤသို့ဆိုပါလျှင် သမဝါယမ သည် တိမ်ကောသွားမည် မဟုတ်ချေ။

လယ်ယာစိုက်ပျိုးရေးတွင်သာမက မွေးမြူရေးတွင်လည်း အောင်မြင်မှုများ ရရှိသည့်သာဓကများ ရှိပါသည်။ မခင်မွှေးတို့မြို့နယ်မှာတော့ လက်လုပ်လက်စား သမဝါယမ အသင်းများသာ ရှိပေသည်။ ခေါင်းရွက် ဗျက်ထိုး မှသည် ဆိုင်ကယ်ကယ်ရီ သမားအဆုံး ဆန္ဒတူ ညီသူများအား ချေးငွေများ ထုတ်ချေးပေးပါသည်။

ထိုသို့ ထုတ်ချေးခြင်းမပြုမီ အသေးစားငွေချေးလုပ်ငန်း၏သဘောတရားများကို ရှင်းလင်းပြောပြရ၏။ ထိုလုပ်ငန်း၏ သမိုင်းကြောင်းကိုကြည့်လျှင်-

(၁၈၄၇)ခုနှစ်၊ ဂျာမဏီနိုင်ငံ Prussian ဒေသ၊   ရိုင်းပြည်နယ်၊ (Rhine Provinue) မှာ နေထိုင်ကြသည့် ပြည်သူပြည်သားများသည် စီးပွားရေးကဒ်ဆိုက်ပြီး ကုန်းကောက် စရာ မရှိအောင် ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ထိုအချိန်မှာပင် အက်(စ်)ဒဘယ်လျှူ ရဖိုက်ဆင် (F.W.Raiffeisen) ဆိုသူက အသေးစားချေးငွေလုပ်ငန်းကို ပထမဦးဆုံး လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ပြည်သူပြည်သားများကို ထုတ်ချေးပေးခဲ့သည့်အတွက် စီးပွားရေး ပြန်လည် ကောင်းမွန်လာပြီး အသေးစားချေးငွေလုပ်ငန်းလည်း အောင်မြင်လာခဲ့သည်။ ထိုအသေးစား ချေးငွေလုပ်ငန်းအမည်မှာ Westerwald ဖြစ်ပြီး F.W. Raiffeisen သည်လည်း အသေးစား ချေးငွေလုပ်ငန်း၏ ဖခင်ကြီးဖြစ်လာသည်။ ထိုလုပ်ငန်းသည်လည်း ကမ္ဘာအနှံ့ က လက်ခံသော လုပ်ငန်းဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်ပင် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် သော သမဝါယမအသင်းပေါင်း ၃၀၅၁၃ သင်း ရှိလာခဲ့ပြီ ဖြစ်သည်။ လုပ်ငန်း၏ သဘောတရားမှာ အချိန်နှင့်တပြေးညီ ငွေပြန်ဆပ်၊ ရရှိလာသော အကျိုးအမြတ်ကို ထိုက်သင့်သလောက် ခံစား၊ ရနိုင်သမျှစုဆောင်း ဖြစ်သည်။

ဤသည်ကို ရည်ရွယ်ပြီး ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ သမဝါယမ သည် အရောင်မဆိုး၊ အဖြူထည်သက်သက် စေတနာဖြင့်သာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရှင်းပြရသည်။ ထိုအခါမှ သမဝါယမအပေါ် သဘောပေါက် နားလည်လာကြသည်။

အမှန်တကယ် လိုက်နာဆောင်ရွက်သူများအဖို့ ဖြေးဖြေးနှင့် မှန်မှန် အခြေခံ လူတန်းစား ဘဝ မြင့်မားလာ သော်လည်း မှန်မှန်ကန်ကန် မလုပ်ဆောင်ဘဲ ချေးငွေ သက်သက် အပေါ် သုံးဖြုန်းကြသူအဖို့ ဤလုပ်ငန်းအပေါ် မကောင်းမြင်စိတ်၊ သွားပုပ် လေလွင့်ပြောဆိုခြင်း များလည်း ရှိခဲ့သည်။

တစ်ချို့ကလည်း ဟုတ်ပါ့မလား မောင်ကာလုရယ်- ပေါ့ဟု ဆိုကြသည်။

သမဝါယမသည်ကား ကိုယ်လမ်းကိုယ်ဆက်လျှောက်မြဲ၊ အချိန်တန် လာတော့ လည်း အောင်မြင်မှုအသီး အပွင့်လေးများကို အသင်းသားများ ခံစားလာရပြီလေ။

ပမာပြရလျှင် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက် ခိုင်သဇင် ရောင်းဝယ်ရေး အသင်းမှ အသေးစားချေးငွေ လုပ်ငန်းခွဲကို တွဲဖက်လုပ်ကိုင်ကာ ငွေထုတ်ချေးပေးခဲ့သည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်အသုံး အဆောင်ပစ္စည်းများကိုလည်း အရစ်ကျ စနစ်ဖြင့် ရောင်းချပေးသည်။

မှန်မှန်ချေး၊ မှန်မှန်ဆပ်၊ မှန်မှန်စုဆောင်းခြင်းဖြင့် ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် ဖြစ်လာကာ တစ်ပိုင် တစ်နိုင် အိမ်၏စီးပွားရေးကို အထောက်အကူပြုနိုင်ခဲ့သည်။

ခေါင်းရွက်ဗျတ်ထိုးသည်တို့လည်း အပြင်မှာ နေ့ပြန်တိုး၊ နှစ်ဆယ်တိုးများဖြင့် ချေးငှားရသောဘဝမှ ကင်းဝေးလာကာ ကိုယ်ပိုင်အိမ်ဆိုင်လေးများ ဖြစ်လာကြသည်။

စိတ်ချမ်းသာဖွယ်ကောင်းလေစွ။

ဤသို့ဆိုလျှင်—–

သမဝါယမဆိုသည်မှာ “ဘာလဲ” “ဘယ်လဲ” “ဘာတွေလုပ်နေသလဲ” “ရှိကော ရှိသေးရဲ့လား—”ဟူသော အမေးတို့ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဆိုချင်ပါသည်။ မခင်မွှေးတို့ ငယ်တုံးက- စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက် များတွင် ရပ်ကွက်သမဝါယမ ဆိုင်၌ ဆန်တန်း စီစောင့်ပြီး တိုးဝှေ့ဝယ်ခဲ့ရတာကို အမှတ်ရမိသည်။ အဆော့မက်သော မခင်မွှေးက တိုးဝှေ့ပြီး ဆန်ဝယ်ရမှာကို မလုပ်ချင်သောကြောင့် စျေးထဲမှာ ဆန်ဝယ်စားရန် အမေ့ကို ပြောခဲ့ဖူး လေသည်။

အမေက အပြင်မှာ ရောင်းသောဆန်စျေးနှုန်းမှာ သမဆန်နှင့် စျေး အဆမတန် ကွာခြားကြောင်း  ရှင်းပြ လေသည်။ သည့်အပြင် ဆပ်ပြာ၊ အင်္ကျီစ၊ မီးဖိုချောင်သုံး ကြွေပုဂံများ၊ စက်မှု(၁)ထုတ် ဒန်အိုးဒန်ခွက်များ၊ လျှပ်စစ်ပစ္စည်း များလည်း အပြင်မှာထက် စျေးသက် သာ သဖြင့် ပြည်သူများက သမဝါယမအပေါ် အားထားကြသည်။ အပ်အစ အပ်ချည်လုံးအဆုံး ရနိုင် သည်မို့ အလေးထားသလို၊ အရေးပါသော သမဝါယမဆိုင်များ ဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း သမဝါယမဟူသည် ဒီမိုကရေစီ၏ ကျောရိုးဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က ဆိုခဲ့ခြင်း ဖြစ်သည်။ သည်အမြင်မျိုးကို တိုင်းပြည်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဆိုခဲ့ဘူးသည်။

လွတ်လပ်ရေးရကာစ နိုင်ငံတော် စီးပွားရေးပြန်လည်ထူထောင်ရေးကို ဆောင်ရွက် နေစဉ် ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်းက—

“နိုင်ငံတော်ရဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ စနစ်တစ်ခု ခိုင်မာတောင့်တင်းဖို့လိုတယ်။ အကောင်းဆုံးသော လက်နက်ဟာ သမဝါယမစနစ်သာ ဖြစ်တယ်လို့ ယုံကြည်တယ်”ဟု ဆိုရန် တိုဗီလာခန်းမမှာ မိန့်ကြားခဲ့ဘူးသည်။

ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြ မည် ဆိုလျှင် ဆင်းရဲနွမ်းပါးခြင်း ဟူသည့်စကားရပ်သည် ကြားများတောင် ကြားဘူးမည် မထင်ပါ။ စီးပွားရေးမဏ္ဍိုင်များလည်း စိုက်ထူနိုင်ခဲ့ခြင်းဖြင့် သမဝါယမသည်လည်း သည့်ထက် ပို၍ ထွန်းလင်းတောက်ပနေပေလိမ့်မည်ဟု တွေးတောရင်း ဗိုလ်ချုပ်ကို လွမ်းမိပြန်ပါ သည်။

ဤသို့ဆိုလျှင် ရန်သူများဝန်ရံနေသော ဗေဒါပန်းလေးလို မဖြစ်စေလိုပဲ မလိုတမာ မျက်ဝန်းများထဲမှ ရုန်းထွက်ကာ ထွန်းလင်းတောက်ပနေသော ဓူဝံကြယ်လေးလို ရှိစေချင်ပါပြီ။ လမ်းပြကြယ်လေးလို ဖြစ်ရန် နောင်လာ မျိုးဆက်သစ်လေးများမှာ တာဝန် ရှိလာပါပြီ။

မြှင့်တင်နိုင်သော သမဝါယမပုံရိပ်များကို ဖန်တီးပုံဖော်ရင်း ပြည်သူနှင့် အစိုးရ၊ သမဝါယမတို့ သုံးနားညီ လက်တွဲကြမည်ဆိုပါလျှင်

သမဝါယမဟူသည်-

ရွက်နုစိမ်းစိုနေသောသစ်ပင်အိုကြီးအဖြစ်…..

သမိုင်းကတောင်းဆိုသော- သမဝါယမအဖြစ် ရှင်သန်နေပေလိမ့်မည်ဟု မခင်မွှေး တွေးတော ယုံကြည်မိရင်း—

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ပေါင်းများစွာ အဓွန့်ရှည်ပါစေကြောင်း ဆန္ဒပြုလိုက်ရပေသည်။

                                                                                                            မျှဝေခံစားခြင်းဖြင့်

                                                                                                    ခိုင်လွမ်းဝေ(ကန္ဒရဝတီ)