စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ် ၁ ရက်၊ ညနေပိုင်း က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP )ဖြင့် မိုးစပါး မျိုးသန့်မျိုးပွား မျိုးစေ့-စီးပွားဖြစ် မျိုးသန့်မျိုးစေ့( RS to CS )ထုတ် စိုက်ခင်း ဧက ၁၃၀ ၌စိုက်ပျိုးဆောင်ရွက်နေမှုများကို အားပေး ကြည့်ရှုခဲ့ကြသည်။
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် မျိုးစေ့ထုတ် စိုက်ဧက ၄၀၅၈ အတွက် နိုင်ငံတော်မှ ငွေကျပ်သန်း ၆၀၀ ကျော် ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာတွင် (CERP) အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် အဆိုပါ စီမံချက်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနေသည့် တောင်သူ ဦးကျလော အပါအဝင် ၂၀ ဦးနှင့်တွေ့ဆုံပြီး မျိုးသန့်မျိုးပွားမျိုးစေ့-စီးပွားဖြစ်မျိုးသန့်မျိုးစေ့( RS to CS) ထုတ် စိုက်ခင်း ၁၃၀ဧက အခြေအနေအား ကြည့်ရှုအားပေးသည်။ ထိုသို့ကြည့်ရှုစဉ် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦး က မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားမြေပုံနှင့်တကွ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တောင်သူများနှင့်ဝန်ထမ်းများအား လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပင်ကျေးရွာအနီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုရမ်းရေတံခါး ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာချီလိတ်မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးဟန်ထွန်း က ဆောင်ရွက် ထားရှိမှု အား ရှင်းလင်းတင်ပြသည်။
အဆိုပါ ဟိုရမ်းရေတံခါးအဆောက်အဦကို ၂၀၀၄ခုနှစ်တွင် ပြည်သူလူထုမှ ကိုယ့်အား ကိုယ်ကိုး စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ခုနှစ်၊ မိုးရာသီကာလ စက်တင်ဘာလတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေတံခါးရေလျှံတား တာပေါင်ကျိုးပေါက်ခဲ့ပြီး ဟိုရမ်းစိုက်ကွင်း အတွင်းရှိ လယ်မြေဧက ၅၀ ခန့်သာ စိုက်ပျိုးရေပေးဝေခဲ့ရသဖြင့် ယင်းရေတံခါးကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ လတွင် ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ဟိုရမ်းရေတံခါးမှ လယ်မြေဧက ၁၀၀ ကျော်ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။