ဦးစီးဌာနသတင်းများ

CERP အစီအစဉ်အရ မြင်းကောင်ရေ (၉၀) ထွန်စက်ကြီး အစီး(၇၀) ကျိုက္ကလို့ ပင်မပစ္စည်းသိုလှောင်ရုံ မှ အရစ်ကျ ငွေပေးသွင်း စနစ်ဖြင့် ထုတ်ပေး

Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်( Covid-19 Economic Relief Plan-CERP ) အစီအစဉ်အရ တောင်သူများအား မိုးစပါးစိုက်ပျိုးရာသီအမီ ထွန်ယက်ရေး လုပ်ကိုင်နိုင်ရန် အိန္ဒိယနိုင်ငံမှထုတ်လုပ်သော မြင်းကောင်ရေ(၉၀) ထွန်စက်ကြီး အစီးရေ(၇၀) အား မင်္ဂလာဒုံမြို့ နယ် စက်မှုလယ်ယာဦးစီးဌာန၊ပင်မပစ္စည်းသိုလှောင်ရုံ အဆင့်(က)၊ ကျိုက္ကလို့မှ အရစ်ကျငွေပေးသွင်းစနစ်ဖြင့် ဇူလိုင်လ(၃၁)ရက်နေ့က ထုတ်ပေးလျှက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှတောင်သူများ လာရောက်ထုတ်ယူလျှက်ရှိသည်။

စက်ဝယ်ယူသည့်တောင်သူများအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံ ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးလျှက်ရှိရာ အဆိုပါသင်တန်းသို့ စက်မှုလယ်ယာ ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား စက်များလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။စက်မှုလယ်ယာဦးစီးဌာနမှ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးများနှင့် ကချင်၊ ကယား၊ မွန် ပြည်နယ်များမှ စက်ဝယ်ယူရန်တင်ပြထားသော တောင်သူများကို ရာသီချိန်မီ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။