ဦးစီးဌာနသတင်းများ

ရန်ကုန် မြောက်ပိုင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဝါးရုံစွန်းကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူးဖော်ခြင်း နှင့် သရက်ပြင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၃၁ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ကျေးရွာသူ ကျေးရွာသားများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ မိမိကျေးရွာများဖွံ့ဖြိုးရေးအတွက်  ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဦးဆောင် ဦးရွက် ပြုကြသူများ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက် ကြရာတွင် စာရင်းစစ် စစ်ဆေးခံနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဝါးရုံစွန်းကျေးရွာ ရေထုတ်မြောင်း အလျား ၁၃၁၅၀ ပေ၊ အကျယ် နှစ်ပေ၊ အနက် နှစ်ပေ ခြောက်လက်မ တူးဖော်ခြင်းလုပ်ငန်းကို    Covid-19 Economic Relief Plan (CERP)အရ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် လည်းကောင်း ၊ သရက်ပြင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၆၅၀ ပေ၊ အကျယ် ရှစ်ပေ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန က နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လှည်းကူးမြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးမေးမြန်းရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။