တောင်သူပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အတွက် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များပူးပေါင်းသင်ကြားပေးမည့် “ရေစုဆောင်းခြင်းနှင့် ရေချွေတာသုံးစွဲခြင်းနည်းပညာ (Water Harvesting and Water Saving Technology )သင်တန်း” ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စိုက်ပျိုး ရေးဦးစီးဌာန၊ နတ်လူထိပ်ပန် နည်းပညာပြန့်ပွားရေးစင်တာ၌ ဇူလိုင်လ ၃၀ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည် ၊ ဒေါ်အောင်ကြည် နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန် တို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
သင်တန်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေါက်တာခင်မာဌေး က စိုက်ပျိုးရေကို ချွေတာသုံးစွဲသည့် စိုက်ပျိုးနည်းစနစ်(Water Saving Technology) နည်းပညာကိုလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါ်သင်းမာချိုနှင့် လက်ထောက်သုတေ သနအရာရှိ ဦးကျော်မြိုင် တို့က စိုက်ပျိုးရေအရည်အသွေးဆိုင်ရာသိကောင်းစရာ(Irrigation Water Quality)နှင့် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ (New Rice Ratooning Technology)တို့ကိုလည်းကောင်း ပို့ချဆွေးနွေးခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး မှ ဒေါက်တာတင်မာမာဦး က သင်တန်းပို့ချပေးပါသော ပညာရှင်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်ခဲ့သည်။
ဝန်ထမ်းများအနေဖြင့် သင်တန်းမှပို့ချလိုက်သော နည်းပညာနှင့်အတွေ့အကြုံများကို လေ့လာမှတ်သားပြီး မိမိတို့ တာဝန်ကျဒေသရှိ တောင်သူများအား ရေစုဆောင်းခြင်းနည်းပညာများနှင့် စုဆောင်းရရှိထားသော ရေများကို သီးနှံစိုက်ခင်းများတွင် စနစ်တကျ အကျိုးရှိရှိ ချွေတာသုံးစွဲနည်းများကို ပြန်လည်ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော T o T သင်တန်းဖြစ်ကြောင်း ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန် က ပြောသည်။
လတ်တလော ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတု ကြောင့် ဆည်များရေအဝင်နည်းပါးမှုနှင့်အတူ စိုက်ပျိုးရေပေးဝေမှုလည်း လျော့ကျလာမည်ဖြစ်ရာ ရေစုဆောင်းခြင်း ၊ ရေချွေတာသုံးစွဲခြင်း နည်းပညာများသည် တောင်သူ့အတွက် အကျိုးများစွာရှိစေမည်ဖြစ်သည်။
အဆိုပါသင်တန်း သို့ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စိုက်ပျိုးပညာပေးဝန်ထမ်း များနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ခရိုင်မြေ/မျိုး/ပိုး တာဝန်ခံများ၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ စုစုပေါင်း ၆၀ ဦး တို့တက်ရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။