မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်သုံးကြိမ်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။ ပထမစစ်ပွဲအပြီး ၁၈၂၅ ခုနှစ်တွင် ရခိုင်နှင့် တနင်္သာရီဒေသတို့ကိုလည်းကောင်း၊ ဒုတိယစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုလည်းကောင်း သိမ်းယူခဲ့သည်။ တတိယ စစ်ပွဲအပြီးတွင်မူ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်မှ ဗြိတိသျှ တို့၏ ကိုလိုနီနယ်မြေအဖြစ်သို့ ရောက်ရှိကာ ဗြိတိသျှအင်ပါယာအတွင်းရှိ အိန္ဒိယနိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရတော့သည်။
ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တို့ကို ပူးပေါင်းဖွဲ့စည်းထားသော ဗြိတိသျှ မြန်မာပြည်ခေါ် အောက်မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ကူးသန်းရောင်း ဝယ်ရေးမှာ ရှေးကထက် များစွာတိုးတက်လာခဲ့သည်။
အောက်မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးမှု
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ဗြိတိသျှစိုးမိုးမှု အောက်သို့ ရောက်ရှိခဲ့သော ရခိုင်တွင် ၁၈၃၀ ပြည့်နှစ်က စပါးစိုက်ပျိုးဧကပေါင်း ၆၆၀၀၀ ခန့်ရှိပြီး ကျိုက္ခမီ၊ ထားဝယ်၊ မြိတ်အပါအဝင် တနင်္သာရီဒေသတွင် ဧက ၄၀၀၀၀ ခန့်ရှိခဲ့သည်။ ထိုစဉ်ကပင် ရခိုင်ဒေသမှ ဆန်စပါးကို အိန္ဒိယသို့ တင်ပို့ရောင်းချမှုရှိသကဲ့သို့ တနင်္သာရီဒေသမှ ဆန်စပါးကိုလည်း မလေးကျွန်းဆွယ် ဘက်သို့ တင်ပို့ရောင်းချခြင်းများ ရှိနေပြီဖြစ်သည်။
အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲအပြီး မြစ်ဝကျွန်းပေါ် ဒေသကို ဗြိတိသျှတို့သိမ်းပိုက်ပြီးစ ၁၈၅၅ ခုနှစ်တွင် ရခိုင်ဒေသ၌ ဆန်စပါးစိုက်ပျိုးဧက ၃၅၀၀၀၀ အထိ ဖြစ်လာကာ တနင်္သာရီဒေသ တွင်လည်း ဧက ၁၈၀၀၀၀ အထိ တိုးတက်လာခဲ့သည်။ ထိုနှစ်က ပုသိမ်၊ ပဲခူး၊ သန်လျင်၊ တောင်ငူအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၌ ဆန်စပါးစိုက်ပျိုးဧက ၅၆၃၀၀၀ ရှိခဲ့သဖြင့် အောက်မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးဧက စုစုပေါင်းမှာ ၁၀၉၃၀၀၀ ဖြစ်သည်။
လယ်ယာလုပ်ငန်းကို တိုးချဲ့ခြင်း
အရင်းရှင်စီးပွားရေးစနစ်အရ ဆန်စပါးကို စီးပွားဖြစ်ရောင်းချရန် တိုးချဲ့စိုက်ပျိုး လာသည့် အခါတွင် နိုင်ငံခြားသား အရင်းရှင်ကြီးများအတွက် မြန်မာ့ ဆန်စပါးရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ် ချုပ်ကိုင် ခြယ်လှယ် အမြတ်ထုတ်နိုင်ရန် အခွင့်အလမ်းများစွာ ပေါ်ပေါက် လာတော့သည်။ မြေလွတ်မြေရိုင်းပေါများလှ သော အောက်မြန်မာနိုင်ငံတွင် တောရိုင်းမြေများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေအဖြစ် စိုက်ပျိုး လုပ်ကိုင်မည့် တောင်သူဦးရေက နည်းပါးနေသည်။ ဗြိတိသျှအစိုးရက ကျဉ်းမြောင်းနေသေးသော လယ်ယာ မြေလုပ်ငန်းကို ဖွံ့ဖြိုးစေရန် နည်းအမျိုးမျိုးဖြင့် တိုးချဲ့ အားပေးလုပ်ဆောင်ခဲ့သည်။
ရှေးအခါက မည်သူမဆို တောရိုင်းမြေကို ခုတ်ထွင် ရှင်းလင်းပြီး လယ်မြေအဖြစ် ပြောင်းလဲကာ ဓားမဦးချ မြေအဖြစ် ပိုင်ဆိုင်လုပ်ကိုင်ခွင့် ရှိခဲ့သည်။ အောက် မြန်မာနိုင်ငံကို ဗြိတိသျှတို့က စိုးပိုင်သွား သောအခါ မြေယာပိုင်ဆိုင်မှုစနစ်ကို အမျိုးမျိုး ပြောင်းလဲကာ မြေယာတီထွင်မှု ကို အားပေးခဲ့သည်။ ပထမဆုံး အသုံးပြု ခဲ့သော စကွာတာစနစ်မှာ မြန်မာဘုရင်များ လက်ထက်က ဓားမဦးချစနစ်နှင့် အနည်းငယ်ဆင်တူ သည်။ ကွာခြားချက်မှာ စကွာတာ စနစ်က အခွန်တော် ပေးပါမည်ဟူသော ဝန်ခံချက်ဖြင့် မြေယာခုတ်ထွင် လုပ်ကိုင်ခွင့်ရသော်လည်း အစိုးရက လျော်ကြေးမပေးဘဲ မြေယာမှ နှင်ထုတ်ခွင့်ရှိသည်။ နောက်ပိုင်းတွင် ရှေး မြန်မာ့ရိုးရာ စနစ်အပေါ်မူတည်၍ ပြဋ္ဌာန်းသော ၁၈၇၆ ခုနှစ် လယ်ယာမြေနှင့် အခွန်တော် အက်ဥပဒေအရ ၁၂ နှစ်ဆက်တိုက် မပျက်မကွက် အခွန်တော်ထမ်းဆောင် ပြီးပါက ထိုမြေကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။
လယ်လုပ်သူများခေါ်ဆောင်လာခြင်း
တောရိုင်းမြေများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ တိုးချဲ့တီထွင်ရန်အတွက် မြေယာစနစ် ထက် လူအင်အားရှိရန် ပို၍လိုအပ်သည့်အားလျော်စွာ ဗြိတိသျှအစိုးရက အထက်မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုးသူများအား ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာစေရန် နည်းမျိုးစုံဖြင့် သွေးဆောင်ခဲ့သည်။ မြေယာစနစ်များ စမ်းသပ်ချမှတ်ကာ လုပ်ဆောင်ခဲ့သည့် အပြင် အထက်မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများအား လယ်ယာမြေတီထွင်လုပ်ကိုင်စဉ် နှစ်နှစ်အတွင်း သဿမေဓအခွန်ကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ဤနည်း ဖြင့် ဗြိတိသျှ မြန်မာပြည်တွင် လူဦးရေတိုးပွားလာ စေခဲ့သည်။
အထက်မြန်မာနိုင်ငံမှ ဗြိတိသျှမြန်မာပြည်သို့ ဆင်း လာသူများသည် ကနဦးတွင် ယာယီ လုပ်သားများအဖြစ် လယ်လုပ်ချိန်၊ ရိတ်သိမ်းချိန် များ၌ လာရောက်အလုပ်လုပ် ကြသော်လည်း လုပ်ငန်းပြီးချိန်တွင် မူလနေရပ်သို့ ပြန်ကြ သူက များခဲ့သည်။ လွှတိုက်၊ လွှဆွဲ၊ သစ်ခွဲလုပ်ငန်းများ တွင် လာရောက်လုပ်ကိုင်သူများလည်း ရှိခဲ့သည်။ ထိုကဲ့သို့ အထက်မြန်မာနိုင်ငံမှ ဆင်းလာသော အလုပ်သမားများ ဦးရေမှာ ၁၈၇၀ ပြည့်နှစ် နောက်ပိုင်းတွင် တစ်စတစ်စ တိုးတက်လာခဲ့သည်။ ရေကြည်ရာမြက်နုရာရှာဖွေရင်း အောက်မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့ကာ လယ်ကူလီဘဝမှ စ၍ အရင်းအနှီးရှာဖွေ စုဆောင်း ချေးငှားလျက် ပင်ပန်း ဆင်းရဲခံပြီး မြေလွတ်မြေရိုင်းများကို လယ်မြေအဖြစ် တီထွင် ပြောင်းလဲ ကာ အခြေချနေထိုင်လာသော တောင်သူ ဦးရေမှာ ၁၈၈၁ ခုနှစ်တွင် ၃၁၆၀၀၀ ခန့်အထိ ရှိလာခဲ့ သည်။
ပြည်ပအလုပ်သမားများ ခေါ်သွင်းလာခြင်း
ထို့ပြင် ဗြိတိသျှအစိုးရက စရိတ်ကျဉ်းကျဉ်းဖြင့် လုပ်ခဈေးပေါပေါရနိုင်သော အိန္ဒိယနိုင်ငံသားများကို ဗြိတိသျှမြန်မာပြည်သို့ လာရောက်နေထိုင်ရန် လုပ် ဆောင်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် စရိတ်ငွေတစ်သိန်း အကုန်အကျခံ၍ အိန္ဒိယနိုင်ငံသား ၇၀၀၀ ကို အောက် မြန်မာနိုင်ငံသို့ ခေါ်ယူခဲ့သည်။ ထို့နောက် ၁၈၇၆ ခုနှစ်တွင် အလုပ်သမားဥပဒေတစ်ရပ် ပြဋ္ဌာန်းကာ အိန္ဒိယပြည် ကိုကိုနာဒမြို့နယ်တွင် အလုပ်သမားစုဆောင်းရေး ကိုယ်စားလှယ် ခန့်ထားပြီး မဒရပ်စ်မှ အလုပ်သမားများကို နှစ်စဉ်ခေါ်ယူခဲ့သည်။ ထို့ပြင် ၁၈၈၂-၈၃ ခုနှစ်များတွင် ဘီဟာနယ်နှင့် ဒါဂျီလင်တို့မှ လူ ၁၀၀၀ လျှင် ကျပ်ငွေ ၃၀၀၀၀ အကုန်အကျခံခေါ်ယူကာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်စေခဲ့သည်။
ထိုကဲ့သို့လာရောက်ကြသော အိန္ဒိယနိုင်ငံသားများ သည် အစပိုင်းတွင် စပါးရိတ်သိမ်းချိန်၌ အလုံးအရင်းဖြင့် လာရောက်ကြပြီး အလုပ်သိမ်းချိန်တွင် ငွေထုပ်ပိုက်၍ နေရပ်သို့ပြန်ကြသည်။ သို့ရာတွင် အလုပ်အကိုင်ပေါများ ကာ အနေအစားချောင်သော ဗြိတိသျှမြန်မာပြည်၌ အစိုးရ ၏အကူအညီကိုပါ ရရှိကြသဖြင့် တစ်စတစ်စ အခြေချ နေထိုင်သူများ တိုးပွားလာခဲ့သည်။ ၁၈၈၀ ပြည့်နှစ်မတိုင်မီ က တစ်နှစ်လျှင် အိန္ဒိယမှ အလုပ်သမား ၁၆၀၀၀ ခန့်သာ အဝင်ရှိခဲ့သော်လည်း ၁၈၈၂ ခုနှစ်မှ ၁၈၈၄ ခုနှစ်အတွင်း ဗြိတိသျှအစိုးရ၏ သင်္ဘောခများ လျှော့ချပေးမှုဖြင့် ၁၈၈၅ ခုနှစ်တွင် အိန္ဒိယအလုပ်သမား ၅၆၀၉၅ ဦးအဝင်ရှိခဲ့သည်။ အဆိုပါ အိန္ဒိယနိုင်ငံသားများသည် လယ်ယာစိုက် ပျိုးရေးတွင်လည်းကောင်း၊ ဆိပ်ကမ်းမြို့ကြီးများ၌ အလုပ် ကြမ်းသမားများအဖြစ်လည်းကောင်း ဝင်ရောက် နေရာယူ လာခဲ့ကြသည်။
လူဦးရေတိုးလာအောင် ဆောင်ရွက်ခြင်း
၁၈၆၂ ခုနှစ်က လူဦးရေ ၂၀၂၁၀၀၀ ရှိခဲ့သော ဗြိတိသျှ မြန်မာပြည်တွင် ၁၈၇၂ ခုနှစ်၌ ကောက်ယူ သော သန်း ခေါင်စာရင်းအရ လူဦးရေ ၂၇၃၇၀၀၀ ခန့်အထိ ရှိလာခဲ့ သည်။ ထိုလူဦးရေတွင် ၁၈၆၂ ခုနှစ်က အိန္ဒိယနိုင်ငံသား ၇၃၀၀၀၊ တရုတ်နိုင်ငံသား ၁၀၀၀၀ နှင့် အခြားနိုင်ငံခြား သား ၄၀၀၀ ပါရှိပြီး ၁၈၇၂ ခုနှစ်တွင် အိန္ဒိယသား ၁၃၇၀၀၀၊ တရုတ် ၁၂၀၀၀ နှင့် အခြားနိုင်ငံခြားသား ၉၀၀၀ ပါရှိခဲ့သည်။ ၁၈၈၁ ခုနှစ်၌ သန်းခေါင်စာရင်း ကောက်ယူ သောအခါ အောက်မြန်မာနိုင်ငံ လူဦးရေသည် ၃၇၃၇၀၀၀ အထိ တိုးတက်လာခဲ့သည်။ နိုင်ငံခြားသားဦးရေမှာလည်း အိန္ဒိယ နိုင်ငံသား ၂၄၆၀၀၀၊ တရုတ်နိုင်ငံသား ၁၄၀၀၀ နှင့် အခြားနိုင်ငံခြားသား ၁၂၀၀၀ ရှိနေပြီ ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသူလူဦးရေမှာ ၁၈၈၁ ခုနှစ်တွင် ၂၅၆၂၀၇၀ ဖြစ်ပြီး လူဦးရေ၏ ၆၈ ဒသမ ၅၆ ရာခိုင်နှုန်း ရှိခဲ့သည်။
ဗြိတိသျှအစိုးရအနေဖြင့် ထွန်ယက်စိုက်ပျိုး လုပ်ကိုင် နိုင်သည့်ဧရိယာကြီးမားသလောက် လူဦးရေနည်းပါးလှ သော အောက်မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် စရိတ် စက များစွာ ကုန်ကျသည်။ ထိုစရိတ်စကကို ကာမိစေရေး အတွက် အခွန်ဘဏ္ဍာရရှိရန် လိုအပ်သဖြင့် အခွန်ဘဏ္ဍာ ရရှိရေးကို ရည်မှန်းကာ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် စီးပွား ရေးလုပ်ငန်းများ တိုးချဲ့ရေးတို့ကို ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
ကြံစိုက်ပျိုးရေး
ကြံစိုက်ပျိုးရေးသည် ကြံသကာလုပ်ငန်းနှင့် ဆက်နွှယ်သော လုပ်ငန်းဖြစ်သလို သကြားထုတ်လုပ်သည့် လုပ်ငန်းအထိ အဓိကအထောက်အကူပြုသော စက်မှု လက်မှု ကုန်ကြမ်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလည်းဖြစ် သည်။ သာမန်အားဖြင့် မြန်မာလယ်သမားအချို့သည် ကြံကို အနည်းငယ် ပူးတွဲစိုက်ကြသကဲ့သို့ ကြံစိုက်သူများ ကလည်း ဝမ်းစာအတွက် လယ်လုပ်ကြစမြဲဖြစ်သည်။ ထိုစဉ်က ဘီးလင်းနှင့် သဲဖြူမြစ်ဝှမ်းတွင် အတည်တကျ ကြံစိုက်ပျိုးခင်း ၃၁၉၁ ဧကရှိခဲ့သည်။ ထို့အတူ ရခိုင်ဒေသ တွင် ဧက ၂၄၇၀ နှင့် တနင်္သာရီဒေသတွင် ဧက ၃၅၁၀ ရှိခဲ့ရာ ကြံသကာချက်လုပ်ရန်အတွက် စိုက်ပျိုးကြခြင်းဖြစ် သည်။ အမြဲတမ်းကြံစိုက်ခင်း ဧက ၇၀၀၀ မှ နှစ်စဉ် ကြံ သကာနှင့် သကြား တန် ၈၇၅၀ ထွက်ရှိခဲ့သည်။ အောက် မြန်မာနိုင်ငံတွင် တိုးတက်လာသော လူဦးရေအတွက် မလုံလောက်သဖြင့် အထက်မြန်မာနိုင်ငံနှင့် နိုင်ငံခြားမှ နှစ်စဉ်ဝယ်ယူ တင်သွင်းခဲ့ရသည်။
ကြံသည် စက်မှုလက်မှု ကုန်ကြမ်းသီးနှံဖြစ်၍ ကြံစိုက် ပျိုးရေးမှာ အလားအလာကောင်းသော စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်သည်။ သို့ရာတွင် တိုင်းရင်းသားများမှာ အရင်း အနှီးမရှိကြသဖြင့် စပါးနှင့်တွဲ၍ အနည်းငယ်မျှသာ စိုက်ပျိုး နိုင်ကြသည်။ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု၍ ဗြိတိသျှအစိုးရက အမတော်ကြေး ထုတ်ချေးသည်။ ကြံစိုက် ပျိုးရေး တိုးတက်ကျယ်ပြန့်လာခြင်းမှာ ဗြိတိသျှတို့က အိန္ဒိယမှခေါ်သွင်းလာသော အိန္ဒိယလုပ်သားများနှင့် ငွေရှင်ကြေးရှင်ချစ်တီးများ၊ တရုတ်လူမျိုးများအပေါ်တွင် မူတည်နေခဲ့သည်။
အခြားစိုက်ပျိုးရေးလုပ်ငန်းများ
ကိုလိုနီခေတ် အောက်မြန်မာနိုင်ငံတွင် အစိုးရက နိုင်ငံခြား စားသုံးသီးနှံပင်များကိုလည်း စိုက်ပျိုးရေး ဥယျာဉ်များတွင် စတင် စမ်းသပ်စိုက်ပျိုးခဲ့သည်။ ရခိုင် တောင်တန်း ပလက်ဝနှင့် ကျောက်ပန်းတောင်းတို့တွင် လည်းကောင်း၊ မြိတ်မြို့တွင်လည်းကောင်း၊ တောင်ငူ အရှေ့မြောက်ရှိ ကရင်တောင်တန်းဒေသတွင်လည်း ကောင်း အစိုးရစိုက်ပျိုးရေးဥယျာဉ်များ ရှိခဲ့သည်။ ထို ဥယျာဉ်များတွင် ကော်ဖီ၊ လက်ဖက်၊ အာလူး၊ သစ်ကြံပိုး၊ ဖာလာ၊ ဇာတိပ္ဖိုလ်၊ ငရုတ်ကောင်း၊ မနီလာလျှော်၊ ဂုန် လျှော်၊ ချင်ကိုနာ ခေါ် ကွီနိုင်ဆေးပင်နှင့် ကျောက်ပန်း တောင်းဥယျာဉ်၌ လက်ဖက်၊ ချင်ကိုနာနှင့် ငရုတ်ကောင်း တို့ ဖြစ်ထွန်းသည်။ ကရင်တောင်တန်းဒေသရှိ ဥယျာဉ် တွင် အာရေဘီးယားကော်ဖီ ဖြစ်ထွန်းပြီး မြိတ်ဥယျာဉ် တွင် လစ်ဘီးယားကော်ဖီနှင့် ချင်ကိုနာတို့ ဖြစ်ထွန်း သည်။ ဗြိတိသျှမြန်မာပြည်တွင် စမ်းသပ်စိုက်ပျိုးသော ချင်ကိုနာ အခေါက်သည် လန်ဒန်ဈေးကွက်တွင် အခြား တိုင်းပြည်များမှ ထွက်ကုန်များနှင့် ဈေးတူရခဲ့သည်။
နိုင်ငံခြားစားသုံးသီးနှံများ ကို အောက်မြန်မာနိုင်ငံ၌ တင်သွင်းစိုက်ပျိုးရာတွင် ဥရောပ နိုင်ငံသားများ နှင့် အခြား နိုင်ငံခြားသားများ စားသုံးရန်အတွက် ရည်ရွယ် ရင်းဖြစ်သော်လည်း ကော်ဖီ၊ သစ်ကြံပိုး၊ ငရုတ်ကောင်း၊ လျှော်နှင့် ချင်ကိုနာတို့သည် စက်မှုလက်မှု ကုန်ကြမ်း သီးနှံများ ဖြစ်ကြသဖြင့် ရေရှည်တွင် စက်မှုလက်မှု ထူထောင်ရေးကို အထောက်အကူပြုခဲ့သည်။ ဗြိတိသျှ အစိုးရသည် နယ်မြေဒေသဖွံ့ဖြိုးရေးကိုရှေးရှု၍ ဒါးပိန် နှင့် ကျောက်တံခါးမြို့နယ် တစ်ဝိုက်တွင် အိန္ဒိယနိုင်ငံ သားများအား ကိုလိုနီနယ်သစ်ဖွင့်၍ အခြေတကျ ချထား နေထိုင် စေကာ အိန္ဒိယ နွေရာသီသီးနှံများကို စိုက်ပျိုး စေခဲ့သည်။
ကူးသန်းရောင်းဝယ်ရေး တိုးတက်လာခြင်း
စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ကျယ်ပြန့်လာခြင်းသည် ကူးသန်းရောင်းဝယ်ရေး လွယ်ကူချောမွေ့ပြီး ဖွံ့ဖြိုးတိုး တက်လာသောကြောင့် ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သမျှ ထွက်ကုန်များကို ရောင်းချရန်အတွက် စိတ်ချရသော ဈေးကွက်ရှိသဖြင့် စိုက်ပျိုးသူများအဖို့ စိုက်အားရှိကာ ကြိုးစား၍ တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်သည်။ ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ်ရေး တိုးတက်လာခြင်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ပြောင်းလဲလာမှုကြောင့်လည်း ဖြစ်သည်။ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း လမ်းပွင့်လာသဖြင့် ဥရောပနိုင်ငံများနှင့် ကူးလူးဆက်ဆံမှုက ပိုမိုတွင်ကျယ် နီးစပ်လာသည်။ မြန်မာ့ထွက်ကုန်၏ သုံးပုံနှစ်ပုံကို ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချရာ၌ ၁၈၇၀ ပြည့်နှစ် နောက်ပိုင်းတွင် ထိုတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကို စူးအက် တူးမြောင်းလမ်းမှ သယ်ဆောင်တင်ပို့ခဲ့သည်။
၁၈၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ရွက်သင်္ဘောများ အစား မီးသင်္ဘောများ အသုံးပြုလာကြသော ကြောင့် တင်ပို့ရောင်းချမှုက ပိုမို လွယ်ကူလျင်မြန်ခဲ့ပြန်သည်။ ရှေးအခါက အောက်မြန်မာပြည်ရှိ တရုတ်ကုန်သည် များသည် ကတ္တူလှေကြီးများဖြင့် အရှေ့တောင်အာရှနိုင်ငံ များနှင့် ကူးသန်း ရောင်းဝယ်ခဲ့ကြသည်။ မီးသင်္ဘောများ ပေါ်ထွန်းလာပြီးနောက် ၁၈၈၅ ခုနှစ်ခန့်တွင် စင်ကာပူ၊ ပီနန်နှင့် ရန်ကုန်အကြား အပတ်စဉ် ပုံမှန်ခုတ်မောင်းသော သင်္ဘောများ ရှိနေပြီဖြစ်သည်။ ထို့ကြောင့်ပင် အရှေ့ တောင်အာရှနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေးလည်း ရှေးကထက်ပို၍ တိုးတက်လာခဲ့သည်။
မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ် ကမ်းမြို့အချင်းချင်း ဆက်သွယ် ရောင်းဝယ်မှု ကလည်း ပိုမိုတွင်ကျယ်လာခဲ့သည်။ ၁၈၆၁ ခုနှစ်ကပင် ကာလ ကတ္တား(ကိုလ်ကတ္တား)၊ စစ်တွေ၊ ရန်ကုန်၊ မော်လမြိုင်မြို့ များသည် ဗြိတိသျှမြန်မာ မီးသင်္ဘောကုမ္ပဏီ၏ ၁၄ ရက် တစ်ကြိမ် ပုံမှန်ခုတ်မောင်းပေးမှုဖြင့် ဆက်သွယ် ရောင်း ဝယ်မှု ပိုမိုများပြားလာခဲ့သည်။ မြန်မာဘုရင်ပိုင် အထက် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးသည်လည်း ရှေး ကကဲ့သို့ လှေကြီး လှေငယ်များ ကိုသာ အားထားနေရန် မလိုတော့ပေ။ ဧရာဝတီဖလိုတီလာကုမ္ပဏီပိုင် သင်္ဘော များက ရန်ကုန် နှင့် မန္တလေးအကြား ပုံမှန်ခုတ်မောင်း လျက်ရှိပြီဖြစ်၍ အထက်နှင့်အောက် ကူးသန်းရောင်း ဝယ်ရေးမှာ များစွာတိုးတက်လာခဲ့သည်။
ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဘက်တွင်လည်း ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်း ဖောက် လုပ်ပြီးစီးသည်မှစ၍ ရန်ကုန်-ပြည်ရထားလမ်းတစ် လျှောက် ကူးသန်းရောင်းဝယ်ရေးက ပိုမိုလွယ်ကူလာခဲ့ သလို ဧရာဝတီမြစ်ဝကျွန်းပေါ် ကုန်းတွင်းဒေသများကို ရန်ကုန်ဆိပ်ကမ်းနှင့် ပိုမိုနီးစပ်စေခဲ့သည်။
ထို့အတူ ၁၈၈၅ ခုနှစ်တွင် တောင်ငူနှင့် ရန်ကုန်အကြား မီးရထားလမ်း ဖောက်လုပ် ဆက်သွယ် ပြီးခဲ့ သဖြင့် ရှေးက ၂၅ ရက် ခရီးမှာ ၁၂ နာရီခန့်သာ ကြာသည့်ခရီးဖြစ်လာသောကြောင့် ကူးသန်း ရောင်းဝယ်ရေး လွယ်ကူ လျင်မြန်လာခဲ့သည်။
မြန်မာ့ဆန်စပါးဈေးကွက်
ဗြိတိသျှမြန်မာပြည်မှ နိုင်ငံခြားသို့ပိုသည့် ထုတ်ကုန်များတွင် ဆန်စပါးက အဓိကဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် နေရာရလာသော ဆန်စပါးသည် ကူးသန်းရောင်းဝယ်ရေး၏ မဏ္ဍိုင်ဖြစ် လာခဲ့သည်။ ထိုစဉ်က မြန်မာ့ဆန်စပါးကို အများဆုံးဝယ်ယူသော ဖောက်သည် နိုင်ငံများမှာ ဥရောပ၊ အမေရိက၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင် အာရှ ကျွန်းဆွယ်နိုင်ငံများဖြစ်သည်။
ဥရောပ၊ အမေရိကစသော အနောက်နိုင်ငံများနှင့် ကူးသန်း ရောင်းဝယ်မှုသည် စူးအက် တူးမြောင်းလမ်းပွင့်ပြီးနောက် ပိုမို လျင်မြန်လွယ်ကူလာခဲ့သည်။ ဥရောပနိုင်ငံများအတွက် တင်ပို့သော လုံးတီးဆန်ကို အင်္ဂလန်ရှိ ကုမ္ပဏီကြီးများက ချုပ်ကိုင်ဝယ်ယူကာ ဆန်ဖြူဖြစ်အောင် ထပ်မံစက်ထိုးပြီးမှ တစ်ဆင့်ရောင်းချခဲ့ကြ သည်။
၁၈၇၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ ဗြိတိသျှမြန်မာပြည်၌ ဆန်ဖြူ ရရှိအောင် စက်ထိုးနိုင်ပြီ ဖြစ်သော ကြောင့် ဥရောပနိုင်ငံများအတွက် တင်ပို့ရသည့် မြန်မာ့ဆန်ကို အင်္ဂလန် ကုမ္ပဏီကြီး များ အမည်ဖြင့်ပင် ဆက်လက်ဝယ်ယူခဲ့သော်လည်း ထိုဆန်များသည် အင်္ဂလန် အထိ မရောက် တော့ဘဲ ပို့ဆက်နှင့် မော်လတာ၌သာ သင်္ဘောချ ကြသည်။
၁၈၈၃ ခုနှစ်ခန့်တွင် မြန်မာ့ဆန်အတွက် အမေရိက၌ ဈေးကွက်သစ်တစ်ခုလည်း ပေါ်လာခဲ့သည်။ ထို့ပြင် ရန်ကုန်နှင့် မော်လမြိုင်ရှိ တရုတ်ကုန်သည် ပွဲစားများက လုပ်ငန်းပိုမိုကျွမ်းကျင် လာကြ သဖြင့် လည်းကောင်း၊ မီးသင်္ဘောများ ပေါ်ထွန်းလာ သဖြင့် လည်းကောင်း မြန်မာ့ဆန်ကို အရှေ့ဘက်နိုင်ငံများသို့ တင်ပို့ရောင်းချမှုက ပိုမိုသွက်လက်လာခဲ့သည်။ ။
သိပ္ပံစာရေးဆရာကိုကိုအောင်
၃၀-၇-၂၀၂၀နေ့စွဲပါ မြန်မာ့အလင်းသတင်းစာ မှ ကူးယူဖော်ပြသည်။