သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကြံရွက်ဖြူရောဂါကျရောက်နေသည့် စက်တုံးကျေးရွာ ၌ ကြံသီးနှံ နည်းပညာပေး သင်တန်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံတွင် ကြံရွက်ဖြူရောဂါ(white leaf ​ရောဂါ)ကျ​ရောက်မှု​တွေ့ရှိလာ​နေပြီဖြစ် သည် ။ ​ရောဂါ ပြင်းထန်မှု အ​ခြေအ​နေ​ပေါ်မှုတည်၍ ကြံအထွက်နှုန်းကို ၄၀% မှ ၉၀% ခန့်အထိ ဆုံးရှုံးနိုင်ပြီး သကြားအထွက်နှုန်း ၂၀% ၃၀%ခန့် အထိ ဆုံးရှုံးနိုင်သဖြင့် ကြံ​တောင်သူ​များ နှင့် သကြားစက်​လုပ်ငန်း လုပ်ကိုင်သူများ သတိထားရမည့်ရောဂါဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့ က ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ၌ ကျင်းပပြုလုပ်သည့် ကြံသီးနှံနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြား ရေးမှူး ဒေါ်ရည်ရည်မွန် က ပြောသည်။

ပေါက်ခေါင်းမြို့နယ်၊ စက်တုံးကျေးရွာတွင် ကြံရွက်ဖြူရောဂါကျရောက်နေသည့် တောင်သူ ဦးတင်ထွေး ၏ ကြံစိုက်ခင်း၌ ကျင်းပပြုလုပ်သည့်  ကြံသီးနှံနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်း နှင့် ခရိုင် ၊ မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ၊ စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ ၊ နဝဒေး သကြားစက်ရုံ နှင့် အင်ငါးခွ သကြားစက်ရုံတို့မှ စက်ရုံမှူးများ ၊  ကြံသကြားဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသနေကြံစိုက်တောင်သူများ တက်ရောက်ကြ သည်။

ကြံရွက်ဖြူရောဂါကျရောက်သည့် ကြံပင်များတွင်  ကြံရွက်များဖြူလာကာ အပင်ကြီးထွားမှု  ရပ်တန့်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြံပင်သေသွားမည်ကြောင်း၊ ကြံလမိုင်းခင်းများတွင် ဆိုးရွားစွာကျရောက်နိုင်ကြောင်း၊ အပင်၏ အစာကြောစည်း အတွင်းရှိ ဖိုက်တိုပလပ်စ်မာ ကြောင့်  ပင်ပြလက္ခဏာအဖြစ် အရွက်အလယ်ကြောများ ဝါလာမည် ဖြစ်ကြောင်း၊ အဆိုပါရောဂါသည် အပင်ပေါက်ချိန်မှ ကြီးထွားမှုအဆင့်တိုင်း တွင် ကျရောက်နိုင်ကြောင်း၊ ရောဂါပျံ့နှံ့မှုအနေဖြင့် ကြံမျိုးပိုင်းက စတင်နိုင်သကဲ့သို့ အင်းစက်ဗက်တာ(၂)မျိုးကြောင့်လည်း ကူးစက်နိုင်ကြောင်း ၊ သို့ဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာန က ထုတ်ပြန်ထားသည့် ကြံရွက်ဖြူရောဂါကာကွယ်နှိမ်နင်း နည်းစနစ်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းပါကြောင်း နှင့် အကူအညီလိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးများနှင့် တောင်သူနည်းပညာပေးစင်တာ များတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း ညွှန်ကြားရေးမှူး က ဆွေးနွေးပြောကြားသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို သကြားထွက် သီးနှံဌာနခွဲ  ညွှန်ကြားရေးမှူး နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး တို့က ရှင်းလင်းဖြေကြားကြပြီး တောင်သူများအား နည်းပညာပေးလက်ကမ်းစာစောင်များ နှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။ ဆက်လက်၍ ရှင်းလင်းဆောင်အနီး ခင်းကျင်းပြသထားသော ပြကွက် ပြခန်းများ တွင် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ က ကြံရွက်ဖြူရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာ များ၊  ကာကွယ်နှိမ်နင်း နည်းစနစ်များ ကို အသေးစိတ်ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိ သည်။