ဆောင်းပါး

ကိုဗစ်-၁၉ အလွန်ကာလတွင် တိုးတက်လုပ်ကိုင်ရမည့် အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းများ

တိရစ္ဆာန်များမှတစ်ဆင့် လူများသို့ ကူးစက်တတ်သော ဗိုင်းရပ်စ်များကြောင့် များစွာ ဒုက္ခရောက်ရနိုင်ကြောင်းကို ဆားစ်ရောဂါ၊ အီဘိုလာရောဂါတို့က ကမ္ဘာကြီးကို ကြိုတင်သတိပေး ခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်များ၏ အန္တရာယ်နှင့် ပတ်သက်၍ ပညာရှင်များက အကြိမ်ကြိမ် သတိပေးခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျင်းပသော ညီလာခံတစ်ခုတွင် ကူးစက်မြန်ဗိုင်းရပ်စ် များ၏အန္တရာယ်ကို အလေးအနက်ထား ထောက်ပြခဲ့ပါ သည်။ သို့သော် ကမ္ဘာ့နိုင်ငံအစိုးရများသည် ကိုဗစ်- ၁၉ ရောဂါနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ တွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြရကာ အလျင်အမြန် ထိထိရောက်‌ရောက် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပါ။ ဗိုင်းရပ်စ်များ၏ အန္တရာယ်ကို ကြိုတင်သိရှိထားသော်လည်း ကြိုတင် ကာကွယ်မှုမရှိသဖြင့် များစွာဒုက္ခရောက်ရခြင်း ဖြစ်ပါသည်။
မွေးမြူရေးလုပ်ငန်းများသည် ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိ
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ၉ ဘီလီယံ အထိ ရှိလာနိုင်သဖြင့် တိုးတက်လာသော လူဦးရေကို ထောက်ပံ့ကျွေးမွေးနိုင်ရန်အတွက် တိရစ္ဆာန်များကို ပိုမိုမွေးမြူလာကြပါသည်။ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် အမြတ်အစွန်းအတွက်သာမက ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးကျင့်ဝတ်ဆိုင်ရာများ လိုက်နာရန် ပါဝင်ပါသည်။ တိရစ္ဆာန်မွေးမြူရေး နည်းစနစ်များသည် ကျေးလက်ဒေသစီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဂေဟဗေဒစနစ် အပေါ် များစွာမူတည်ပါ သည်။ European Union (EU) ၏ တောင်ပိုင်းဒေသရှိနိုင်ငံများတွင် ဝက်၊ သိုးနှင့်ဆိတ်မွေးမြူရေးသည် စိုက်ပျိုး ရေးကဏ္ဍ၏ ၃၆ ဒသမ ၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပါ သည်။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော မွေးမြူ ရေးနည်းစနစ်များမှာ လွှတ်ကျောင်း မွေးမြူခြင်း၊ စားကျက်စိုက်၍ မွေးမြူခြင်း၊ သွင်းအားစုအပေါ် အခြေခံ၍ မွေးမြူခြင်းတို့ ပါဝင်ပါသည်။ မွေးမြူရေး လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် အနည်း ငယ် သက်ရောက်မှုရှိပါသည်။ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု၏ ၁၉ ဒသမ ၅ ရာခိုင်နှုန်းသည် စိုက်ပျိုး မွေးမြူရေးကဏ္ဍမှ ထွက်ရှိပါသည်။ ၃၀ ရာခိုင်နှုန်းသော နိုင်ထရိုဂျင်နှင့် ဖော့စဖောရပ်များသည် မွေးမြူရေး လုပ်ငန်းများမှတစ်ဆင့် ရေထုထဲသို့ ရောက်ရှိသွားနိုင်ပြီး ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ မွေးမြူရေးခြံ များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုသည် တိရစ္ဆာန် များကို ကျွေးမွေးသော အစာအရည်အသွေးပေါ်တွင် များစွာမူတည်ပါသည်။ အရည်အသွေးကောင်းမွန်သော အစာကိုကျွေးပါက မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချနိုင်ပါသည်။ အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာများကို သုံးစွဲ၍မရပါ။ သမားရိုးကျမွေးမြူ ရေးစနစ်မှ ‌အော်ဂဲနစ်မွေးမြူရေးစနစ်သို့ပြောင်းလဲရန်အတွက် လူမှုစီးပွားရေး နောက်ခံအချက်အလက်များ၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်၊ မွေးမြူရေးနည်းစနစ်များ၊ တိရစ္ဆာန်အမျိုးအစားများ၊ လုပ်ထုံးလုပ်နည်းများ၊ ကြာမြင့်ချိန်၊ သွင်းအားစုများရရှိနိုင်မှု၊ စျေးနှုန်း၊ စျေးကွက်ဖော်ဆောင်ရေး၊ စားသုံးသူပြည်သူများ၏ ကြိုက်နှစ်သက်မှု စသည်တို့ ဖြစ်ပါသည်။
တောင်းဆိုမှုရှိလာသော အော်ဂဲနစ်မွေးမြူရေးထွက်ကုန်များ 
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း ပြုလုပ်သော စစ်တမ်းများအရ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလတွင် ပြည်သူအများစုသည် အော်ဂဲနစ်စနစ်ဖြင့် ထုတ်လုပ်ထားသော မွေးမြူရေးထွက်ကုန်များကို ပိုမို စားသုံးလိုကြကြောင်း သုတေသနရလဒ်များအရ သိရှိ ရပါသည်။ အော်ဂဲနစ်ထုတ်ကုန်များသည် သမားရိုးကျ ထုတ်ကုန်များထက် စျေးနှုန်းအနည်းငယ် ကြီးမြင့်သော် လည်း ဝယ်ယူစားသုံးရန် အသင့်ရှိကြောင်း ပြောကြား ကြပါသည်။ အော်ဂဲနစ်ထုတ်ကုန်အများစုသည် ပို၍ သန့်ရှင်းလတ်ဆတ်ပြီး အစားအစာဘေးကင်းလုံခြုံမှုကို ပို၍ပေးနိုင်သည်ဟု စားသုံးသူအများစုက ထင်မြင်ယူဆ ကြပါသည်။
Sharma (၂၀၁၀) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အော်ဂဲနစ်ဆိုသည်မှာ သဘာဝနှင့် ပို၍ ကိုက်ညီသော၊ ကျင့်ဝတ်လိုက်နာရသော၊ ဂေဟဗေဒစနစ်နှင့်လိုက်လျော ညီထွေဖြစ်သော၊ ရိုးရာဆန်သောစနစ်ဖြင့် မွေးမြူ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ စိုက်ပျိုးရေးဂေဟဗေဒစနစ် ကို တိုးတက်ကောင်းမွန်စေ၍ ဇီဝမျိုးစုံမျိုးကွဲများ၊ ဇီဝဗေဒ ပတ်ဝန်းကျင် စက်ဝန်းနှင့် မြေဆီလွှာ၏ မြေသြဇာတိုးတက်မှုကို ဖြစ်ပေါ်စေပါသည်။ Chander (၂၀၁၀)၏ သုတေသနပြုချက်အရ အော်ဂဲနစ်စနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန်များကို ကျွေးသော အစာ၊ တိရစ္ဆာန်များ၏ ကျန်းမာရေး၊ တိရစ္ဆာန်များကို ထားသော ခြံနှင့် လှောင်အိမ်၊ သားစပ်ခြင်းလုပ်ငန်းများတွင် ပဋိဇီဝဆေးဝါးများ၊ ‌ဟော်မုန်းများ၊ မျိုးရိုးဗီဇ ပြုပြင်ထား သော သွင်းအားစုများကို အသုံးမပြုရပါ။ ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organiza-tion – FAO) ၏ ၁၉၉၉ ခုနှစ် ထုတ်ပြန်ချက်အရ အော်ဂဲနစ် မွေးမြူရေးလုပ်ငန်း များသည် အဓိကအချက် (၄) ချက်ကို လိုက်နာရမည်။
၎င်းတို့မှာ-
၁။ သဘာဝကိုအခြေခံခြင်း၊
၂။ တိရစ္ဆာန်များ၏ကျန်းမာရေးနှင့် သက်သာချောင်ချိ ရေးကို အလေးပေးခြင်း၊
၃။ အရည်အသွေးအကောင်းဆုံး ထုတ်ကုန်ထုတ်လုပ်ရန် သို့ ဦးတည်ခြင်း၊
၄။ ခြံဧရိယာအကျယ်အဝန်းနှင့် တိရစ္ဆာန်ကောင် ရေကို သတ်မှတ်စံချိန်အတိုင်းမွေးမြူရန်တို့ဖြစ်သည်။ မွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမောင်းနှင်အားတစ်ခု ဖြစ်ပါ သည်။ အော်ဂဲနစ်မွေးမြူရေးတွင် အဓိကရည်ရွယ်ချက် နှစ်ခုရှိပါသည်။ ၎င်းတို့မှာ စားသုံးသူပြည်သူများ၏လိုအပ် ချက်ကို ဖြည့်ဆည်းပေးရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးတို့ဖြစ်ပါသည်။
ကျန်းမာရေးအတွက် အော်ဂဲနစ်မွေးမြူရေးစနစ် ကောင်းမွန်
EU ဒေသများတွင် ကျေးလက်ဒေသအကျယ်အဝန်း သည်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းရှိ၍ ၂၃ ရာခိုင်နှုန်းသော ပြည်သူများနေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်ကြပါသည်။ EU နိုင်ငံအများစုသည် အော်ဂဲနစ်စနစ် ဖြင့် ထုတ်လုပ်ထားသော နွားနို့နှင့် နွားနို့ထွက်ပစ္စည်းများ၊ ဝက်သား၊ ကြက်သား၊ ကြက်ဥများကို အဓိကထုတ်လုပ်ရာ နေရာ ဖြစ်လာပါသည်။ ကမ္ဘာတွင် အသားထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းနှင့် နို့ထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်း၏ ဝယ်လိုအား သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖြစ်ပါသည်။ အော်ဂဲနစ်မွေးမြူ ရေးသည် သဘာဝအတိုင်း  မွေးမြူ ရသည် ဖြစ်၍ အမြတ် အစွန်းနည်းပါးနိုင်သော်လည်း ကုန်ကျစရိတ် သက်သာခြင်း၊ ထုတ်ကုန်များ အတွက် စျေးကောင်းရရှိခြင်း၊ စားကျက်ကို အခြေခံ၍ သွင်းအားစုအနည်းငယ်သာ သုံးစွဲပြီးမွေးမြူပါက လေထုထဲသို့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လျော့ကျ ခြင်း၊ စားကျက်အရည်အသွေးကို မြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
အော်ဂဲနစ်စနစ်ဖြင့် မွေးမြူရေးလုပ်ခြင်းဖြင့် မြေဆီလွှာ ပြုန်းတီးမှုကိုလည်း ကာကွယ် နိုင်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများကို ပတ်ဝန်းကျင် နှင့် ပိုမို၍ သဟဇာတ ဖြစ်စေနိုင်ပါသည်။ တိရစ္ဆာန်များ၏ အညစ်အကြေးများမှတစ်ဆင့် ဇီဝဓာတ်ငွေ့အဖြစ်ပြောင်း၍ အသုံးပြု နိုင်ခြင်းကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ် ရရှိစေပါသည်။ သို့သော်လည်း အော်ဂဲနစ် မွေးမြူရေးလုပ်ငန်းများအား တစ်ယူနစ်ထုတ်လုပ်မှုပမာဏ နည်းပါးခြင်း၊ အော်ဂဲနစ်စနစ်ဖြင့် စီးပွားဖြစ်မွေးမြူ ထုတ်လုပ်မည်ဆိုပါက မြေဧရိယာများစွာလိုအပ်ခြင်း၊ အရည်သွေးကောင်းသော သဘာဝမြေသြဇာ ရှားပါးခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။
ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် စာရင်းများအရ နွားကောင် ရေ သန်း ၁၀၀၀ ခန့်၊ ဝက်ကောင်ရေ ၇၆၇ သန်းခန့်နှင့် ကြက်ကောင်ရေ ၉၉၆ သန်းခန့် မွေးမြူထားကြောင်း သိရှိ ရသည်။
အမေရိကန်နိုင်ငံတွင် ၉၉ ရာခိုင်နှုန်းသော သမားရိုးကျမွေးမြူရေးခြံများမှ ပဋိဇီဝဆေးကြွင်း ဆေးကျန် များ၊ ရောဂါပိုးများ၊ ဓာတုအကြွင်းအကျန်များ ထွက်ရှိနေ ကြောင်း သုတေသန ရလဒ်များအရ သိရှိပါသည်။ ယနေ့ ခေတ်တွင် ပဋိဇီဝဆေးအကြွင်းအကျန်များနှင့် ရောဂါပိုး များသည် စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို များစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့ကြောင့် သမားရိုးကျမွေးမြူ ရေးမှတိရစ္ဆာန်သက်သာချောင်ချိရေးနှင့် တိရစ္ဆာန်ကျန်းမာ ရေးကို အလေးပေးသော အော်ဂဲနစ်မွေးမြူရေးစနစ်ဆီသို့ တဖြည်းဖြည်း ပြောင်းလဲ လာကြ သည်။ နယ်သာလန်နိုင်ငံ တွင် အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေးအတွက် ၂၀၁၈ ခုနှစ် စာရင်းအရ မြေဟက်တာပေါင်း ၅၈၀၀၀ ကို အသုံးပြု၍ တိရစ္ဆာန်ကောင်ရေ ၃ ဒသမ ၉ သန်းကို မွေးမြူထားရှိပါသည်။ ၎င်းသည် တစ်နိုင်ငံလုံးတွင် မွေးမြူထားသော တိရစ္ဆာန် ကောင်ရေ၏ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါသည်။ အော်ဂဲနစ်ထုတ်ကုန်အများစုကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဓိက ထုတ်လုပ်ပြီး စားသုံးသူပြည်သူအများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံ များမှဖြစ်ကြပါသည်။ ၂၀၀၉ ခုနှစ် သုတေသန စစ်တမ်းများ အရ အော်ဂဲနစ်ထုတ်ကုန်များကို နိုင်ငံပေါင်း ၁၆၀ တွင် မြေဟက်တာ ပေါင်း ၃၇ ဒသမ ၂ သန်းကို အသုံးပြုပြီး အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံတန်ဖိုးရှိသော အော်ဂဲနစ်ထုတ်ကုန်များကို ထုတ်လုပ်နေကြပါသည်။ ထုတ်လုပ်မှုအနေဖြင့် အာရှဒေသမှ ၄၀ ရာခိုင်နှုန်း၊ အာဖရိကဒေသမှ ၂၈ ရာခိုင်နှုန်း၊ လက်တင်အမေရိက ဒေသမှ ၁၆ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်း အော်ဂဲနစ် ထုတ်ကုန် ထုတ်လုပ်မှုတွင် အိန္ဒိယ၊ မက္ကဆီကို၊ ယူဂန္ဓာ၊ နမီးဘီးယား၊ အာဂျင်တီးနား၊ ဘရာဇီးနိုင်ငံများ ဖြစ်ကြပါသည်။
အော်ဂဲနစ်ဖြစ်ကြောင်း စစ်ဆေးမှုလေးဆင့်
အော်ဂဲနစ်ထုတ်ကုန် စျေးကွက်မှာ မွေးမြူရေး ထုတ်ကုန်ထက် စိုက်ပျိုးရေးထုတ်ကုန်များက ပိုမို များပြားပါသည်။ ‌အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အော်ဂဲနစ်ထုတ်ကုန် အများစုကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်လုပ်လျက်ရှိပြီး ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဝယ်ယူလျက် ရှိသဖြင့် အော်ဂဲနစ်မွေးမြူရေး ထုတ်ကုန်များအတွက် စျေးကွက်ရှိနေပြီး ဖြစ်ပါသည်။ အော်ဂဲနစ်မွေးမြူရေး ထုတ်ကုန်များကို အာမခံချက်ပေးရာတွင် အရည်အသွေး အတွက်သာမက မွေးမြူရေးခြံမှ စားသုံးသူလက်ထဲသို့ ရောက်ရှိသည်အထိ ထုတ်လုပ်မှု လုပ်ငန်းစဉ်တိုင်းအတွက် အာမခံချက်ပေးရန် လိုအပ်သည်။ ကမ္ဘာပေါ်တွင် အော်ဂဲနစ်ထုတ်ကုန်ဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနိုင်သော အဖွဲ့အစည်းပေါင်း ၄၆၈ ခုရှိ၍ ၃၇ ရာခိုင်နှုန်းသည် ဥရောပဒေသမှလည်းကောင်း၊ ၃၁ ရာခိုင်နှုန်းသည် အာရှဒေသမှလည်းကောင်း၊ ၁၈ ရာခိုင်နှုန်းသည် မြောက်အမေရိက‌ဒေသမှလည်းကောင်း ဖြစ်သည်ကို တွေ့ရှိရပါသည်။ အဖွဲ့အစည်းအများစုသည် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျာမနီ၊ ဂျပန် နိုင်ငံတို့ တွင် အခြေစိုက်ကြပါသည်။ အဖွဲ့အစည်းများ၏ ၃၂ ရာခိုင်နှုန်းကို အီးယူမှအသိအမှတ်ပြု၍ ၂၈ ရာခိုင်နှုန်းကို ISO မှ အသိအမှတ်ပြုပါသည်။ အော်ဂဲနစ်ထုတ်ကုန် ဖြစ်ကြောင်း ခွင့်ပြုချက်ရရှိရန် အဆင့် (၄) ဆင့်ဖြင့် စစ်ဆေးခံရန် လိုအပ်ပါသည်။ ယင်းအဆင့်များမှာ-
၁။ ထုတ်လုပ်မှုနှင့် လုပ်ငန်းစဉ်လည်ပတ်မှုကို မှတ်ပုံ တင်ခြင်း၊
၂။ သွင်းအားစုများနှင့် မွေးမြူရေးခြံကို မှတ်ပုံတင်ခြင်း၊
၃။ မြေပြင်အနေအထားနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို အစစ်အဆေးခံခြင်း၊
၄။ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် အခြားလုပ်ငန်းစဉ် များကို အေဂျင်စီတစ်ခုဖြင့် အစစ်ဆေးခံခြင်းတို့ ဖြစ်ပါ သည်။
သမားရိုးကျမွေးမြူရေးခြံမှ အော်ဂဲနစ်မွေးမြူရေးခြံ အဖြစ်သို့ ပြောင်းလဲရန်အချိန်သည် ၁ နှစ် မှ ၃ နှစ်အထိ ကြာမြင့်နိုင်ပါသည်။ အော်ဂဲနစ်မွေးမြူရေးသည် သမား ရိုးကျ မွေးမြူရေးထက် ထုတ်လုပ်မှု ၂၀ မှ ၃၀ ရာခိုင်နှုန်း အထိ လျော့နည်းနိုင်ပါသည်။ အော်ဂဲနစ်မွေးမြူရေး ထုတ်ကုန်များကို စနစ်တကျ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ စျေးကွက်သို့ ပို့ဆောင်ခြင်း၊ အသိအမှတ်ပြုအဖွဲ့အစည်းမှ အော်ဂဲနစ်ထုတ်ကုန်ဖြစ်ကြောင်း အသိအမှတ်ပြုထား သော အချက်အလက်များကို အညွှန်းစာရွက်တွင် ဖော်ပြ ထားရမည်။ အော်ဂဲနစ်စနစ်ဖြင့် မွေးမြူထားသော တိရစ္ဆာန်များကို ရောဂါကာကွယ်ခြင်း၊ ဓာတုပစ္စည်း မဟုတ်သော သန်ချဆေးများကို အသုံးပြုခြင်း စသည့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း နည်းလမ်းများကို အသုံး ပြုရမည်။ အော်ဂဲနစ်ထုတ်ကုန်များသည် သန့်ရှင်း လတ်ဆတ်ခြင်း၊ အစားအစာဘေးကင်း လုံခြုံခြင်း၊ သဘာဝနည်းဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း အာမခံချက်ရှိခြင်းစသည်တို့ ဖြစ်ပါသည်။ မျက်မှောက် ကာလတွင် အော်ဂဲနစ် ထုတ်ကုန်နှင့် ပတ်သက်သော သုတေသန အများစုကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လုပ်ဆောင် ကြပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်လည်း အော်ဂဲနစ်မွေးမြူရေးနှင့် ပတ်သက်၍ သုတေသနကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ပါသည်။
နမီးဘီးယားနိုင်ငံသည် နွားမွေးမြူရေးတွင် တိရစ္ဆာန် သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်သော ကြောင့် အမဲသားစျေးကွက်မှာ အခြားအာဖရိကနိုင်ငံများ ထက် နမီးဘီးယား အမဲသားကို စားသုံးသူများ ပိုမိုလက်ခံ ယုံကြည်ကြပါသည်။ အော်ဂဲနစ်မွေးမြူရေးတွင် တိရစ္ဆာန် များသည် ရောဂါဝေဒနာများ ခံစားနေရပါက ပြန်လည် သက်သာလာစေရန် နောက်ဆုံးအခွင့်အရေးအနေဖြင့် ပဋိဇီဝဆေးဝါးများကို အသုံးပြုနိုင်ပါသည်။
ရောဂါကာကွယ်နိုင်သည့် အခြားနည်းလမ်းများမှာ ဒေသ နှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူခြင်း၊ သဘာဝနှင့်လိုက်လျောညီထွေဖြစ်စေခြင်း၊ တိရစ္ဆာန်များ မွေးမြူရာတွင် အသုံးပြုသည့်ခြံ သို့မဟုတ် လှောင်အိမ်ကို စနစ်တကျ နေရာချထားခြင်း၊ အစားအစာ ကောင်းမွန်စွာ ကျွေးမွေးခြင်းတို့ ပါဝင်ပါသည်။ အော်ဂဲနစ်ထုတ်ကုန် ထုတ်လုပ်ရာတွင် တိရစ္ဆာန်များကို မွေးမြူရာဒေသ၊ ကျွေးမွေးသည့်အစာ၊ မွေးမြူထားသောကောင်ရေ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို မှန်ကန်စွာ မှတ်တမ်း ထားရှိရမည်။
သမားရိုးကျမှ ပြောင်းလဲသင့်သော အော်ဂဲနစ်မွေးမြူရေးစနစ်
တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံအများစုသည် အော်ဂဲနစ်မွေးမြူရေးထုတ်လုပ်မှုကို နိုင်ငံခြားပို့ကုန် အနေဖြင့် မဆောင်ရွက်နိုင်ပေ။ အကြောင်းမှာ မွေးမြူ ထားသော ကောင်ရေနည်းပါးခြင်း၊ အခြေခံအဆောက် အအုံနည်းပါးခြင်း၊ မွေးမြူထုတ်လုပ်ရေးနည်းစနစ် မမှန်ကန်ခြင်း စသည် တို့ကြောင့် အရည်အသွေးနိမ့် သော ထုတ်ကုန်ထုတ်လုပ်ခြင်းကို ဦးတည်စေပါသည်။ အော်ဂဲနစ်နွားမွေးမြူရေးတွင် အစာ၏ ၃၀ ရာခိုင်နှုန်း သည် စားကျက်ကို အခြေခံရမည်ဟူ၍ ပါရှိပါသည်။ အာဖရိကအလယ်ပိုင်းနှင့် တောင်အမေရိကနိုင်ငံများ တွင် စိုက်ပျိုးထားသော စားကျက်များစွာမရှိဘဲ သဘာဝအတိုင်း ပေါက်ရောက်သော စားကျက်များတွင် သာ လွှတ်ကျောင်း မွေးမြူကြပါသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ အဆိုပါ ဒေသများတွင် အော်ဂဲနစ် နည်းစနစ် ဖြင့် စိုက်ပျိုးထားသော စားကျက်မြေဟက်တာ ၂၃ သန်းခန့် ရှိပါသည်။
အာရှနိုင်ငံအများစုတွင် အော်ဂဲနစ်သွင်းအားစုဖြင့် ထုတ်လုပ်ထားသော အစာ၊ စားကျက် နည်းပါး ရခြင်း ကြောင့် အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းများ တွင်တွင် ကျယ်ကျယ် လုပ်ကိုင် လာခြင်း မရှိသေးပေ။ အော်ဂဲနစ် စနစ်ဖြင့် မွေးမြူထုတ်လုပ်ထားသော ကြက်သားနှင့် ဝက်သားများကို စျေးကွက်တွင် အနည်းငယ်သာတွေ့ရပါ သည်။ အော်ဂဲနစ်နည်းစနစ်ဖြင့် မွေးမြူထားသော ငါး၊ ပုစွန်များကို တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ မြန်မာနိုင်ငံတို့တွင် အနည်းငယ်သာ တွေ့ရှိ နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ရာသီဥတုနှင့် ဂေဟဗေဒအခြေအနေကောင်းများကြောင့် အော်ဂဲနစ် မွေးမြူရေးအတွက် အခွင့်အလမ်းများစွာ ရှိသော်လည်း စံသတ်မှတ်ချက်မီရန်နှင့် အသိအမှတ်ပြုလက်မှတ်ရရှိ ရေးတွင် စိန်ခေါ်မှုများစွာ ရှိနေပါသည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ သီရိလင်္ကာ၊ ကင်ညာ၊ တန်ဇန်းနီးယား၊ အီသီယိုးပီးယား၊ အာဂျင်တီးနား၊ ဘရာဇီး စသည့်နိုင်ငံ တို့သည် ကမ္ဘာ့အော်ဂဲနစ်စျေးကွက်ကို ကြီးစိုးထားသော နိုင်ငံများ ဖြစ်ကြသည်။ အော်ဂဲနစ်ထုတ်ကုန်အများစု သည် တောင်ကမ္ဘာ ခြမ်းမှ ဖြစ်၍ စားသုံးသူအများစု သည် မြောက်ကမ္ဘာခြမ်းမှဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် လည်း Covid-19 အလွန်ကာလတွင် စားသုံးသူများ၏ လိုအပ်ချက်ဖြစ်သော အစားအစာ ဘေးကင်းလုံခြုံရေးကို ဦးတည်သော အော်ဂဲနစ် မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် သမားရိုးကျ မွေးမြူရေးနည်းစနစ်မှ အော်ဂဲနစ်မွေးမြူရေးစနစ်သို့ ပြောင်းလဲ တိုးတက် လုပ်ကိုင် ရန် အကြံပြုတင်ပြအပ် ပါသည်။ ။
ဒေါက်တာခင်မောင်လတ် (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)
၂၉-၇-၂၀၂၀နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။