နယ်သတင်းများ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ အထောက်အပံ့ဖြင့် ပဲခူးခရိုင် တွင် အသင့်စိုက်ပျိုးနိုင်သည့် မှိုစိုက်ထုပ်(၁၀၀၀)အခမဲ့ ပေးအပ်

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)၏ အထောက်အပံ့ဖြင့် ငွေနှင်းမှို အသင့် စိုက်ပျိုးရန် ပြင်ဆင်ထားသော စိုက်ထုပ်(၁၀၀၀)အခမဲ့ ပေးအပ်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန် က ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးရုံးတွင် တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦး ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မျိုးသူ နှင့် ပဲခူး၊ သနပ်ပင် နှင့် ဒိုက်ဦးမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဦးစီးမှူး က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပ ပြုလုပ်သော မှိုစိုက်ထုပ်များသည် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်၏ အထောက်အပံ့ဖြင့်  အခမဲ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာလအတွင်း ဒေသခံတောင်သူများ အာဟာရပြည့်ဝသော သီးနှံများ စားသုံးနိုင်စေရန် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ ပြီးဖြစ်ပါကြောင်း၊ မှိုမျိုးစုံစိုက်ပျိုးတတ်စေရန်အတွက် မှိုစိုက်ပျိုးနည်းသင်တန်းများကိုလည်း ပဲခူးမြို့(၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျှက်ရှိပြီး သင်တန်းတက်ရောက် လိုသူများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် ဆက်သွယ်၍ စာရင်း ပေးသွင်းထားနိုင်ပါကြောင်း၊ ယခင်က မှိုမျိုးစုံစိုက်ပျိုးရေး သင်တန်း ဖွင့်လှစ် ပို့ချခဲ့ရာတွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ လာရောက်၍ သင်တန်းတက်ရောက် ကြပါကြောင်း၊ မှိုများတွင် အာဟာရဓာတ်များ များစွာပါဝင်ပါကြောင်း၊ မှိုစိုက်ပျိုးရေး သည် အချိန်တိုတိုအတွင်း ဝင်ငွေအကျိုးအမြတ်များ ရရှိနိုင်သဖြင့် မှိုစိုက်ပျိုးရေးကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ထောက်ပံ့ ပေးအပ်ရခြင်း ဖြစ်ပါကြောင်း အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း က မှိုစိုက်ထုပ် ပေးအပ်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုလည်းကောင်း၊ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း မှိုမျိုးပွာခြံတာဝန်ခံ က မှိုမျိုးစုံစိုက်ပျိုးနည်းများကိုလည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး အခမ်းအနား တက်ရောက် လာကြသူများ နှင့် တောင်သူ(၄၂)ဦးတို့အား မှိုစိုက်ထုပ်(၁၀၀၀) ကို အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။