ကျေးလက်ကဏ္ဍ ဦးစီးဌာနသတင်းများ

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နေပြည်တော် တွင် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းဒေသများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် သက်နှင်းအင်း ကျေးရွာ နှင့် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ကုန်းကျေးရွာ တို့၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ငါးမွေးမြူရေးကန် ပြုပြင်တူးဖော်ခြင်း နှင့် ကျေးရွာ အဝင်လမ်း ရိစာခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကုန်ထုတ်လမ်းဟောင်း ရိစာခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာ မွေးမြူရေးကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းအား ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ကုန်းကျေးရွာ ကျေးရွာအဝင်လမ်း ရိစာ ခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း နှင့် ကုန်ထုတ်လမ်းဟောင်း ရိစာခင်းခြင်း လုပ်ငန်းအား ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash for Work စီမံကိန်း က ထောက်ပံ့ပေးပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ကာ COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေး နှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေး လုပ်အားခ ချက်ချင်းပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ နေပြည်တော်တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဌေးဝင်း နှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိ သူများ က ကျေးရွာကော်မတီဝင်များ နှင့်အတူ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ကျေးရွာသူကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားပြီး စီမံကိန်းဝန်ထမ်းများ ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။