သုတေသန ဦးစီးဌာနသတင်းများ

ရေဆင်း စပ်မျိုးနေကြာ- ၁ မိဘလိုင်း မျိုးသန့်ထိန်းသိမ်း

ရေဆင်းစပ်မျိုးနေကြာ- ၁ သည် တစ်ဧကအထွက်နှုန်းနှင့် ဆီထွက်နှုန်း ကောင်းခြင်း၊ အသက်လျှင်ခြင်း၊ ယိုင်လဲမှု ဒဏ်ခံနိုင်ခြင်းနှင့် ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ခြင်းစသော အရည်အချင်း လက္ခဏာများ ကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ နေကြာစိုက်တောင်သူများ အများဆုံး စိုက်ပျိုးနေသည်ဖြစ်ရာ၊ ရေဆင်း စပ်မျိုးနေကြာ- ၁ မျိုးသန့် ရရှိရေးအတွက် မိဘမျိုးလိုင်းများ ထိန်းသိမ်းပွါးများခြင်းသည် သုတေသနပညာရှင်များအတွက် အရေးပါ သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

သို့ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစု   တာဝန်ခံ ဒေါက်တာခင်မျိုးဝင်း၊ နေကြာသီးနှံ တာဝန်ခံ ဒေါ်နန်းပပဝင်း၊ ဒေါ်ခင်စန်းဝင်း နှင့် သုတေသနပညာရှင်များသည် ရေဆင်းစပ်မျိုးနေကြာ- ၁ ၏ မိဘလိုင်းဖြစ်သော အမလိုင်းမျိုးသန့် ထိန်းသိမ်းပွါးများခြင်း သုတေသနလုပ်ငန်းအဖြစ် အမလိုင်း (A) နှင့် မျိုးထိန်းလိုင်း (B) တို့အား အကွက်လိုက် သီးသန့်စိုက်ပျိုးခြင်း (Block Sowing) ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရေဆင်းစပ်မျိုးနေကြာ- ၁ သည် တောင်သူအများစု ကြိုက်နှစ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးခြင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် ပြည်တွင်း စားသုံးမှု ဖူလုံရန်အတွက် တိုးမြှင့် စိုက်ပျိုးလျက်ရှိခြင်းတို့ကြောင့် ရေဆင်းစပ်မျိုးနေကြာ- ၁ မျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးရန်လိုအပ်ကြောင်း၊ အရည်အသွေးကောင်း ရေဆင်းစပ်မျိုး နေကြာ – ၁ မျိုးသန့်များအား တောင်သူများ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးအတွက် မိဘလိုင်း မျိုးသန့်ထိန်းသိမ်းခြင်း လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းနှင့် မျိုးသန့်ထိန်းသိမ်းရာတွင် အကွက်လိုက် သီးသန့်စီ စိုက်ပျိုးခြင်း (Block Sowing) သည် ပိုမိုသန့်စင်၍ အရည်အသွေးကောင်းမျိုးစေ့များ ရရှိမည်ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က ကွင်းဆင်းကြည့်ရှု့စစ်ဆေးစဉ်အတွင်း မှာကြားခဲ့သည်။ရေဆင်းစပ်မျိုးနေကြာ- ၁ သည် ပြည်တွင်းတွင် မျိုးကူးစပ်မွေးမြူ၍ ပထမဦးဆုံး စီးပွါးဖြစ် ထုတ်လုပ်သော စပ်မျိုးနေကြာမျိုးဖြစ်ပြီး၊ မိဘမျိုးအတွဲမှာ (A 42 × R 15) ဖြစ်သည်။ ရေဆင်းစပ်မျိုး နေကြာ- ၁ ၏ အရည်အချင်း လက္ခဏာများမှာ သက်တမ်း (၈၀- ၈၅) ရက်၊ အပင်အမြင့် (၄ – ၄.၅) ပေ၊ အပွင့်အချင်း (၅ – ၉) လက်မ၊ အစေ့တစ်ထောင် အလေးချိန် (၄၅- ၅၀) ဂရမ်၊ တစ်ဧကအထွက် (၅၅- ၆၀) တင်း၊ ဆီထွက်ရာခိုင်နှုန်း (၄၈- ၅၁) ဖြစ်ပြီး၊ ထူးခြားချက်မှာ အသက်လျှင်ခြင်း၊ ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိခြင်းနှင့် ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်းတို့ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန က သတင်းရရှိသည်။