နယ်သတင်းများ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်၏ အထောက်အပံ့ဖြင့် ပဲခူးမြို့နယ် ၌ မိုးစပါးမျိုးစေ့ထုတ် (၁၀၄၈)ဧက စိုက်ပျိုး

         ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး သည် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မျိုးသူ ၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်ခင်ထွေးလှ၊ ပဲခူးခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း တို့ လိုက်ပါလျက် ပဲခူးမြို့နယ်၊ ဘုရာကြီးကျေးရွာအုပ်စု၊ သမန်းကုန်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ဧက(၃၀၀)တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ် ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိသော မျိုးစေ့ ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ကွင်းဆင်းစစ်ဆေးစဉ် ပဲခူးမြို့နယ်ဦးစီးမှူး ဦးဇော်လင်း က ပဲခူးမြို့နယ်၊ သမန်းကုန်း ကျေးရွာ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်း လျာထား ဧက(၃၀၀)တွင် ပါဝင်သည့် တောင်သူ(၂၅)ဦး စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း(၁၃၅)ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ပဲခူးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် အထောက်အပံ့ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုး ရာတွင် စိုက်စနစ်များအနေဖြင့် ပျိုးသက်နု ကောက်ကွက်ကြဲ(SRI) စနစ်ဖြင့်(၁၀)ဧက၊ ကောက်စိုက်စက်ဖြင့်(၁၀)ဧက၊ ဘောင်ပျိုး(Raised Bed)ဖြင့်(၁၀၂၈)ဧက စုစုပေါင်း (၁၀၄၈) ဧက စိုက်ပျိုးပြီးဖြစ်၍ ပဲခူးမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးရန် လျာထားချက် ပြည့်ခဲ့ ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန က ပဲခူးမြို့နယ် အတွင်း မျိုးသန့်မျိုးပွားမျိုးစေ့(RS) မျိုးစပါး တင်း(၆၉၀) ဖြန့်ဖြူးပေးခဲ့သည့်နည်းတူ တောင်သူများ က မှော်ဘီခြံ နှင့် ရေဆင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနများသို့ ဆက်သွယ် ၍ စပါးမျိုး(၃၅၈)တင်း ဝယ်ယူစိုက်ပျိုးခဲ့ပါကြောင်း ရှင်းလင်း တင်ပြသည်။

          တိုင်းဒေသကြီးဦးစီးမှူး က ဆွေးနွေးမှာကြားရာတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာ၌ အဓိကလိုအပ်သည့်သွင်းအားစုတစ်ခုဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ဖူလုံစွာသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်လုပ် သူများအသင်း(SGA)များကို စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊  မျိုးစေ့ထုတ် စိုက်ခင်းများ တွင် ကျင့်သုံးရမည့် နည်းပညာများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ အကြိမ်ပြည့်တိတိ ကျကျ လိုက်နာခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း လုပ်ငန်းကိုလည်း သီးနှံသက်တမ်း တစ်လျှောက် အမြဲမပြတ် စစ်ဆေးဆောင်ရွက် စေလို ကြောင်း၊ ကိုဗစ်-၁၉ စီပွားရေး ကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှထောက်ပံ့ပေးမည့် စိုက်ပျိုး စရိတ် ငွေများကို သွင်းအားစုလိုအပ်ချက်အပေါ် ပြည့်ပြည့်ဝဝအသုံးပြုရန် လိုအပ်ပါကြောင်း၊ ရရှိလာသော မျိုးစေ့များကို စနစ်တကျ သန့်စင်စက်များဖြင့် သန့်စင်၍ မှတ်တမ်းရေးသွင်း သိမ်းဆည်း သိုလှောင်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

         ထိုနောက် တိုင်းဒေသကြီးဦးစီးမှုနှင့်အဖွဲ့သည် ဘုရားကြီး အသိပညာပေးစင်တာတွင် ဆောင်ရွက်လျှက်ရှိသော မိသားစုအိမ်ခြံဝန်း စိုက်ခင်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။