ဦးစီးဌာနသတင်းများ

ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်မည့်လုပ်ငန်းများ နှင့် စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနားကို   ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်း အဝေး ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး နှင့် ခရိုင် ၊ မြို့နယ် အဆင့် တာဝန်ရှိ သူများ၊ သင်တန်းသား သင်တန်းသူ (၃၀)ဦးတို့  တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က အဖွင့်အမှာ စကား ပြောကြားရာတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးစပါး မျိုးစေ့ထုတ် ဧက(၃၈၂၉)ဧက ကို အောင်မြင်စွာအကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၊ ကုမ္ပဏီများနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မိုးစပါး ကန်ထရိုက်လယ်ယာလုပ်ငန်းများ နှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ရေကို အကျိုးရှိစွာ အသုံးချရေး ၊ အပြည်ပြည်တိုင်ရာ အဖွဲ့အစည်းများ၏ ချေးငွေ အထောက်အပံ့ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ အောင်မြင်ရေး အတွက် အလေးထား ဆောင်ရွက်ရန် ကိစ္စရပ်များကိုဆွေးနွေးမှာကြားသည်။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယား ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာဗဟိုဌာန (Korea Climate Change Center – CCC)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုရှိ ကျေးရွာသစ် စီမံကိန်း Myanmar SMU ကျေးရွာများကို အခြေတည် ၍ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဖြူး ပေးလျက်ရှိသည်။

အဆိုပါစီမံကိန်းဆောင်ရွက်သည့် အတွက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် ကောင်းကျိုးများသက်ရောက်စေခြင်း၊ သစ်တောပြုန်းတီးမှု ကာကွယ် နိုင်ခြင်း၊ ထင်းသုံးစွဲမှု ၄၅ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း၊ ကာဗွန် ထုတ်လွှတ်မှု လျော့နည်းစေခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း၊ နေပြည်တော် တွင် တပ်ကုန်းမြို့နယ် နှင့် လယ်ဝေးမြို့နယ် များ ရှိ ကျေးရွာ (၁၅၇)ရွာ ကို စွမ်းအားမြှင့်မီးဖို (၃၁၀၀၀) ဖြန့်ဖြူးပေးသွားမည် ဖြစ်ရာ လက်ရှိတွင် ကျေးရွာ(၉၁)ရွာ ကို စွမ်းအားမြှင့်မီးဖို (၁၅၅၀၀) ဖြန့်ဖြူးပေးပြီးဖြစ်ကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းဦး က ပြောသည်။ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် နှင့် လယ်ဝေးမြို့နယ်များ ၌ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်လျက် ရှိသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး နှင့် စီမံကိန်းတာဝန်ခံများက စပါးမျိုးစေ့ထုတ်နည်းလမ်းများနှင့် စီမံကိန်းဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပို့ချ ခဲ့ကြကြောင်း သတင်း ရရှိသည်။