ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကညင်ရေလှောင်တမံ သို့ရောက်ရှိကြပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံမှုရှိစေရန်(Dam Safety) လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အလေးထား လိုက်နာဆောင်ရွက်ရန် နေ့စဉ်မျက်မြင်စစ်ဆေးခြင်း (Visual Inspection)ကို မပျက်မကွက် စော့င်ကြည့်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ညွှန်ကြားရေးမှူးချုပ် သည် နန်ကသူဆည်ရေသောက်စနစ် ရေအသုံးချသူများအဖွဲ့ (၂၂)ဖွဲ့ တို့မှ ခေါင်းဆောင် ၊ ဒု-ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဆည်ရေကို အကျိုးရှိရှိ ချွေတာ သုံးစွဲနိုင်ရေး အတွက် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် ကို လက်တွေ့ ကျင့်သုံးပြီး အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်း လာကာ တောင်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေနိုင်မှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့ သည် ငါးသိုင်းချောင်းမြို့နယ် ငဝန်တာနှင့် ဗောဓိရေကင်းစခန်းတို့ကိုဝင်ရောက်စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တာလုံခြုံရေး အတွက် ၂၄နာရီ ကင်းလှည့် စောင့်ကြည့်ခြင်းကို အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ EPP လုပ်ငန်းစဉ်များ ကို ဌာနဝန်ထမ်းများ သာမက ဒေသခံများပါသိရှိနားလည်ပြီး ပူးပေါင်း လုပ်ဆောင်ရန် အသိပညာပေးစည်းရုံး လုပ်ဆောင်သွားရန် ၊ အရေးပေါ် ကာကွယ်ရေး ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရန် တို့ကိုဆွေးနွေးမှာကြားသည်။
ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့ သည် ကျောင်းကုန်းမြို့နယ် ရေကြီးနစ်မြုပ်မှုလျော့ပါး သက်သာရေးအတွက်ဆောင်ရွက်နေသည့် ရင်ဆိုင်ရိုး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။