သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

        စိုက်ပျိုးပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိုက်ပျိုးနည်းပညာများဖြန့်ဝေရာတွင် တောင်သူလက်ဝယ်သို့ ခေတ်မီနည်းပညာများ လျင်မြန်ထိ ရောက်စွာ ရောက်ရှိစေရန်၊ စီမံကိန်းဧရိယာအတွင်းရှိ ဒေသများတွင် သီးနှံစိုက် စွမ်းအားနှင့် သီးနှံထုတ်လုပ်နိုင်မှု ဖွံ့ဖြိုးတိုးတက်စေရန် တို့ကိုရည်ရွယ်ကျင်းပသည့် မျိုးစေ့ထုတ်လုပ်မှုနည်း ပညာသင်တန်း Seed Processing in Myanmar Training ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ AERDTC သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးပညာပေးရေးဌာနခွဲ ၊ မျိုးစေ့ဌာနခွဲ နှင့် မြေအသုံးချဌာနခွဲ များမှ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသန ဌာန (IRRI) မှ ပညာရှင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ တို့မှ သင်တန်းသူသင်တန်းသားများ တက်ရောက်ကြသည်။စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း (ADSP) ဧရိယာများအတွင်း  သီးနှံစိုက်စွမ်းအားမြင့်မားလာရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး ဆောင်ရွက်မှု နှင့်အတူ အခြားတစ်ဘက်တွင်လည်း   စီမံကိန်းဧရိယာ အတွင်းရှိ ဒေသများ အတွင်း ဆည် ရေသောက် ဧရိယာ များ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် တောင်သူများ စိုက်ပျိုးရေကို ပိုမို အကျိုးရှိစွာ သုံးစွဲလာ နိုင်ပြီး စပါးသီးနှံ တစ်ခုတည်းသာမက ဈေးကွက်ဝင် အခြားသီးနှံများ ဖြစ်သည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေ ပိုမို ရရှိလာမှာ ဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ စီမံကိန်းကာလ (၇)နှစ် ဖြစ်ပြီး၊ စီမံကိန်းဧရိယာများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး နဲ့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ (တပ်ကုန်း၊ ယင်းမာပင်၊ ပုလဲ၊ တောင်ငူ၊ ရေတာရှည်၊ စဉ့်ကူး) မြို့နယ် (၆)မြို့နယ်မှာ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

မျိုးသန့်ပြန့်ပွားရေး အစီအစဉ်အနေဖြင့် စီမံကိန်းဧရိယာအတွင်း ဒေသနဲ့ကိုက်ညီသော အထွက် ကောင်း မျိုးသန့်များရွေးချယ်နိုင်ရေး၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးကောင်းမျိုးသန့် ပွားများရေးအတွက် သီးနှံစံပြကွက်များကိုလည်း ဒေသအလိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ် စီမံကိန်းဧရိယာအတွင်းရှိ မြို့နယ်များ၌ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ နှင့် တောင်သူလယ်သမားသင်တန်းများ ဆောင် ရွက်လျက်ရှိကြောင်း စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က ပြောသည်။

ယနေ့ကျင်းပသည့် မျိုးစေ့ထုတ်လုပ်မှုနည်း ပညာသင်တန်း သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ က ဆောင်ရွက်မည့်သင်တန်း (၄) ကြိမ် အနက် ဒုတိယအကြိမ်ကျင်းပသည့် သင်တန်းဖြစ်ပြီး ၊ အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသန ဌာန (IRRI) နှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပါဝင်သည့် တိုင်း (၄) တိုင်း၊ ခရိုင် (၄) ခရိုင်နှင့် မြို့နယ် (၆) မြို့နယ်တို့မှ အမှုထမ်း /အရာထမ်း စုစုပေါင်း (၂၀) ဦး နှင့် စိုက်ပျိုး ပညာပေးရေးဌာနခွဲ (ရုံးချုပ်) မှ စိုက်ပျိုးပညာပေး ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း (၂၅) ဦး တို့အား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။