စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံတွင် ၂၀၁၉ – ၂၀၂၀ ခုနှစ်၊ မိုးရာသီစီမံချက်အရ ပဲပုပ်သီးနှံသုတေသန နှင့် မျိုးသန့် ထိန်းသိမ်းခြင်း လုပ်ငန်းများ စိုက်ပျိုးထားရှိမှုကို သိရှိလေ့လာနိုင်ရန် ရည်ရွယ်၍ AVSI Foundation Myanmar အဖွဲ့နှင့် ပူးပေါင်း၍ ဇူလိုင်လ (၂၅) ရက်နေ့က ပဲပုပ်သီးနှံကွင်းသရုပ်ပြပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ရှမ်းပြည်နယ်၊ လွတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး ဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး၊ AVSI Foundation Myanmar မှ တာဝန်ရှိသူမျာ နှင့် Human Development in Shan State Project ဆောင်ရွက်ထားရှိသည့် ဓနုတိုင်းရင်း သားရေးရာအဖွဲ့ချုပ်၊ ရွာငံနှင့်ပင်းတယမြို့နယ်အတွင်းရှိ တောင်သူလယ်သမား သင်တန်း ကျောင်း(၆)ကျောင်းမှ ပဲပုပ်စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူ (၆၅) ဦး၊ လူငယ် ကိုယ်စားလှယ် (၁၅) ဦး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကလောနှင့် ရွာငံမြို့နယ်မှ ဝန်ထမ်းများ၊ အောင်ပန်း၊ ထုံးဘို နှင့် တာယော စိုက်ပျိုးရေးသုတေသနခြံ မှ တာဝန်ခံများနှင့် သုတေသနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ လွတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးတင်ဦး က ရှမ်းပြည်နယ်၏ အရေးကြီးသီးနှံဖြစ်သည့် ပဲပုပ်သီးနှံသည် အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက သီးနှံ ဖြစ်သောကြောင့် ဒေသနှင့်ကိုက်ညီသည့် မျိုးများနှင့် စိုက်ပျိုးထားရှိသည့် နည်းစနစ် များကို သေချာစွာ လေ့လာမှတ်သားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ Country Director ဒေါ်နန်းဆွေဆွေအေး က AVSI Foundation အကြောင်းနှင့် Human Development in Shan State Project ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ် က ကြိုဆို နှုတ်ခွန်းဆက်စကား နှင့် အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံအနေဖြင့် ပဲပုပ်၊ အစေ့ထုတ်ပြောင်း၊ ယာစပါးသီးနှံ သုတေသနဆောင်ရွက်ထားရှိမှု ၊ ရှမ်းပြည်နယ် ဒေသကိုယ်စားပြု သုတေသနဗဟိုဌာနအနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများသည် အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံ တွင် စိုက်ပျိုးထားရှိသည့် ပဲပုပ်သီးနှံ သုတေသနနှင့် မျိုးသန့် ထိန်းသိမ်းခြင်းသုတေသန ဆောင်ရွက်နေမှု တို့ကို ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြ ကြောင်း သတင်းရရှိသည်။