သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စေတုတ္တရာမြို့နယ် တောင်ပေါ်ကျေးရွာ တောင်သူများအတွက် ကော်ဖီပျိုးပင် ၇၂၀၀၀ လွှဲပြောင်းပေးအပ်

                  မြန်မာ့ကော်ဖီကို သြဂဲနစ်ထုတ်ကုန်အဖြစ် နိုင်ငံတကာစျေးကွက်၏ စိတ်ဝင်စားမှုကို ရရှိနေပြီဖြစ်ရာ ကော်ဖီ မျိုးကောင်းမျိုးသန့်များအား စနစ်တကျစိုက်ပျိုး၍ ရေရှည်တည်တံ့သော စျေးကွက်ဝင် အရည်အသွေးကောင်း ကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အတွက် စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ကော်ဖီတိုးချဲ့စိုက်ပျိုးရေးစီမံချက်ကို ရေးဆွဲ အကောင် အထည်ဖော်လျက်ရှိပြီး ၊ ရေ မြေ ရာသီဥတု အခြေအနေအရ ဦးစားပေးဒေသအလိုက် ကော်ဖီ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် တိုင်းဒေသကြီး ပြည်နယ် အနှံ့အပြားတွင် အရည်အသွေးမြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးခြင်း၊ ကော်ဖီမျိုးကောင်းမျိုးသန့်ပျိုးပင်များ ဖြန့်ဖြူး ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

                   မကွေးတိုင်းဒေသကြီးအနောက်ခြမ်း  စေတုတ္တရာမြို့နယ် တောင်ပေါ်ကျေးရွာများရှိ ဒေသခံကော်ဖီစိုက်တောင်သူများထံသို့   ကော်ဖီပျိုးပင် ပေးအပ်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၆ ရက် နံနက်ကပိုင်းက ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ချောင်းကွေ့) ၌ ကျင်းပပြုလုပ်သည်။                   အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ၊ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ (ချောင်းကွေ့) တာဝန်ခံ ဦးသူရိန်နိုင် က ကော်ဖီပျိုးပင်များပေးအပ်ရာ  စေတုတ္တရာ မြို့နယ် တောင်ပေါ်ကျေးရွာများရှိ ဒေသခံကော်ဖီစိုက်တောင်သူများကိုယ်စား တောင်သူ ဦးခွန်သယ်၊ ဦးမြမောင် နှင့်အဖွဲ့က လက်ခံရယူကြသည်။                   မကွေးတိုင်းဒေသကြီးအနောက်ခြမ်း  စေတုတ္တရာမြို့နယ် တောင်ပေါ်ကျေးရွာများမှ  ဒေသခံကော်ဖီစိုက်တောင်သူများ၏ ကော်ဖီမျိုးကောင်းမျိုးသန့်ပျိုးပင်များ စိုက်ပျိုးလုပ်ကိုင် လိုကြောင်း တင်ပြတောင်းဆိုမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာန ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ၏ ကော်ဖီ တိုးချဲ့စိုက်ပျိုးရေးစီမံချက်အရ ယနေ့အခမ်းအနားတွင် ကော်ဖီပျိုးပင် ၇၂၀၀၀ ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကော်ဖီ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အခြားဒေသများအတွက်လည်း ကော်ဖီပျိုးပင်များ ဆက်လက်ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲ က သတင်းရရှိသည်။