ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၂)

အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ပညာရေးဝန်ကြီးဌာန ပါမောက္ခချုပ် များ ကော်မတီ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ (Development Partners)၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI) တို့နှင့်အတူ မြန်မာနိုင်ငံတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက် သော ဘွဲ့ရများ အလုပ်အကိုင်ရရှိရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ်နေသော ဘာသာရပ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အမှန်တကယ် လိုအပ်နေသော ပညာရပ်များကို တက္ကသိုလ်များမှ မွေးထုတ်ပေး ရေးဆိုင်ရာလိုအပ်ချက် မူဝါဒဆိုင်ရာ သုတေသနများ ပြုလုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာသင်ကြားပေးလျက်ရှိသော တက္ကသိုလ်၊ ကောလိပ်များမှ ဘာသာရပ်အလိုက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဘွဲ့ရမွေးထုတ် ပေးနေမှုကို နမူနာအဖြစ် ဇယား(၁) တွင် ဖော်ပြထားပါသည်။

နှစ်အလိုက်ဘွဲ့ရ ဦးရေကို ဗဟိုစာရင်းအင်းအဖွဲ့ နှစ်ပတ်လည်စာအုပ် (CSO – Statistical Year Books) များတွင် လေ့လာနိုင်ပါသည်။ ကိုဗစ်အလွန်ကာလတွင် သမားရိုးကျ ဘာသာရပ်များ (Traditional Pure Subjects) ထက် နိုင်ငံအတွက် လိုအပ် လျက်ရှိသော စီးပွားရေးအထောက်အကူပြုအသုံးချ ဘာသာရပ်များကို (Applied Subjects) ဦးစားပေးသင်ရပါမည်။ သင်ကြားမှုပုံစံတွေလည်း ပြောင်းရပါမည်။ မျက်နှာချင်းဆိုင် (Face-to-Face) သင်ကြားရမည်ဖြစ်သလို အင်တာနက် (Online) မှနေ၍လည်း သင်ကြား၊ သင်ယူရပါတော့မည်။ အတွေးအခေါ်ကအစ ပြုပြင်ပြောင်းလဲရမှာဖြစ်၍ အလွတ်ကျက်၊ ကူးရေးမှု များမလုပ်အောင် ကိုဗစ်နှင့်အတူ ပြောင်းလဲရပါမည်။

(Source – CSO Statistical Year Book, 2018 )

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖြည့်ဆည်းပေးရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး တွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိသော စိုက်ပျိုး မွေးမြူရေးဘာသာရပ်ကြီးအောက် ငါးလုပ်ငန်းကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို နားလည်တတ်ကျွမ်းသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် လိုအပ် ပါသည်။

ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်

သို့ဖြစ်ပါ၍ နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနလက်အောက်တွင် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ဘာသာရပ်ခွဲအဖြစ် သီးခြားသင်ရိုးညွှန်းတမ်းများရေးဆွဲ၍ ဖွဲ့စည်း တည်ထောင်ရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပညာရှင်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပညာရှင်များ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများက ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုသို့ ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ သင်ကြားမည့် ဆရာ၊ ဆရာမများအား သင်တန်းပေး (Capacity Building Training) များပြုလုပ်ခြင်း၊ သင်ကြားမည့်စာသင်ခန်း၊ လက်တွေ့ခန်း များ ပြင်ဆင်ခြင်းများကို ဒေါက်တာကေလွင်ထွန်း (ပါမောက္ခ၊ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်)က ဦးဆောင်၍ အဆင့်လိုက်ပြုလုပ်ခဲ့ကြပါသည်။ နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများဖြစ်လာစေရန် ရန်ကုန်တက္ကသိုလ်နှင့်အတူ Wageningen University (The Netherlands)Otago University (New Zealand)University of Arizona (United States)The University of Tokyo (Japan)Cantho University (Vietnam)၊ ဂျာမနီနိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးနှင့် ဖွံဖြိုးရေးကော်ပိုရေးရှင်း (GIZ)၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများကို ဘာသာရပ် တစ်ခုချင်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်ချက် (Stakeholder needs) ကို အခြေခံ၍ ရေးဆွဲခဲ့ကြပါသည်။

စစ်ဆေးအကဲဖြတ်မှု
သင်ရိုးညွှန်းတမ်းများသာမက စစ်ဆေးအကဲဖြတ်မှုများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်နိုင်မှု စွမ်းရည်တိုးတက်စေရန်နှင့် လက်တွေ့ပိုင်းဆိုင်ရာများ အားကောင်းစေရန်အတွက် ရည်ရွယ်ရေးဆွဲထား ပါသည်။ စစ်ဆေးအကဲဖြတ်မှုများသည် သင်ခန်းစာများ သင်ကြားထားမှုမှာ စာမေးပွဲစစ်ဆေးခြင်း (၅၀ ရာခိုင်နှုန်း)၊ လက်တွေ့သင်ခန်းစာများ အပတ်စဉ် လုပ်ဆောင်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်း (၂၀ ရာခိုင်နှုန်း)၊ စာတမ်းတင်ဆက်မှု (Presentation) များပြုလုပ်ခြင်း (ခုနစ်ရာခိုင်နှုန်း)၊ ဘာသာရပ်ဆိုင်ရာ ပြင်ပပညာရှင်များမှ ပို့ချသော အထူးပို့ချမှု (Special Lecture) များ တက်ရောက် ၍ ထိုအပေါ် သုံးသပ်ချက် တင်ပြခြင်း(ရှစ်ရာခိုင်နှုန်း)နှင့် စီမံချက်စာတမ်း တင်သွင်းခြင်း (Small Project Report) (၁၅ ရာခိုင်နှုန်း)တို့ ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာန လက်အောက်၌ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် (Fisheries and Aquaculture ) ဘွဲ့ကြိုသင်တန်း (ပထမနှစ်xc)ကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၂၈ ဦး စုစုပေါင်း ၄၀ စတင်တက်ရောက် ပညာ သင်ကြားခဲ့ကြပါသည်။ ယခုနှစ် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ငါးလုပ်ငန်းဆိုင်ရာအထူးပြု ပထမနှစ် သို့ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၂၀ ထပ်မံရောက်ရှိလာပြီး ယခုအခါ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀ တို့သည် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို စာတွေ့၊ လက်တွေ့ပြည့်စုံစွာ သင်ကြားလျက်ရှိပြီဖြစ်ပါသည်။
ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပညာကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ဘွဲ့ကြို၊ သိပ္ပံဘွဲ့ [B.Sc. (Fisheries and Aquaculture)] ကို စတင်သင်ကြားလာခဲ့ရာ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပညာဘွဲ့ ပေးနိုင်တော့မည်ဖြစ်ကြောင်း ပါမောက္ခ / ဌာနမှူး ဒေါက်တာကေလွင်ထွန်းက ပြောပါသည်။ အခြားအိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ကြည့်လျှင် အလွန်နောက်ကျနေပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံမှ ငါး၊ ပုစွန်နှင့် အခြား ရေထွက်ပစ္စည်းများကို ဥရောပနိုင်ငံများအပါအဝင် နိုင်ငံခြား တိုင်းပြည်များသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ သုတေသနနှင့် အဆင့်မြင့် ပညာက ပူးတွဲတစ်ပြိုင်နက် လိုက်ပါရမည် ဖြစ်ပါသည်။

သင်ကြားရေးနှင့် သုတေသန

ဘွဲ့ကြိုပြီး၊ ဘွဲ့လွန်သင်တန်းများရှိမှ မဟာသိပ္ပံ၊ ပါရဂူသုတေသနများမှ တစ်ဆင့် ငါး၊ ပုစွန် တိုးတက်ထုတ်လုပ်ရေး၊ လိုအပ်ပါက ကန်တွင်း၊ ရေချိုရေငန် အလိုက် မွေးမြူနိုင်ရေး၊ ဧရာဝတီတိုင်းကဲ့သို့ မြစ်ချောင်းပေါများလှသော ဒေသ များတွင် ရေချိုငါး၊ ပုစွန်များ မွေးမြူထုတ်လုပ်ရေးနှင့် ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီတိုင်း စသည့်ဒေသများတွင် ပင်လယ်စာ (Seafood) နှင့် ရေငန် ငါး၊ ပုစွန်၊ ပုလဲမွေးမြူရေးမှစ၍ အဆင့်မြင့်ပညာ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းရပ်များ တွဲဖက်လုပ်ဆောင်ရန် အရေးတကြီးလိုအပ်လျက်ရှိပါပြီ။

ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ်ရေ ပတ်လည်ဝန်းရံလျက်ရှိသော ကျွန်းငယ် များစွာ စုစည်းထားသည့် နိုင်ငံဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံမှထွက်သော သဘာဝ ပုလဲနှင့် မွေးပုလဲသည် ကမ္ဘာကျော်ပြီး နိုင်ငံ့ဝင်ငွေများစွာ ရှာပေးလျက်ရှိနေပါ သည်။ ရိုးရိုးသာမန် ပိန္နဲသီးကိုပင်လျှင် တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်းတွင် စိုက်ခိုင်းပြီး ပိန္နဲသီးခြောက်ပြုလုပ်ကာ တစ်ကမ္ဘာလုံးသို့တင်ပို့နေပါသည်။ အုန်းသီး၊ သရက်သီးကိုလည်း တစ်နှစ်ပတ်လုံးသီးအောင် စိုက်ပျိုးနိုင်ပြီး အုန်းရည်၊ အုန်းနို့၊ အုန်းသီးမှ မုန့်မျိုးစုံ၊ သရက်သီးခြောက်၊ သရက်သီးဖျော်ရည် ပြုလုပ်ကာ ပြည်တွင်းတွင်သာမက နိုင်ငံရပ်ခြားအထိ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာဖွေနေသည်မှာ အလွန်အားရစရာကောင်းလှပါသည်။

မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်လုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍသည် ပြည်တွင်း စားသုံးရေးနှင့် နိုင်ငံခြားဈေးကွက်ဝင် စားနပ်ရိက္ခာထုတ်လုပ်ရေး ကဏ္ဍကြီးတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသည့် အလျောက် ကျွမ်းကျင်သောလူ့စွမ်းအားအရင်းအမြစ်များ အလွန်လိုအပ်
လျက်ရှိနေပါသည်။ မြန်မာနိုင်ငံသည် ရေထွက်ကုန်လုပ်ငန်း၊ ရေချို၊ ရေငန်
ထုတ်လုပ်မှုအပိုင်းတွင် တစ်ကမ္ဘာလုံး၌ အဆင့် (၁၃) ဖြင့် ရပ်တည်နေပါ
သည်။

ငါးမွေးမြူရေးမဟာဌာန
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ
တို့က မြန်မာထက် ထုတ်လုပ်မှုပိုပါသည်။ ထိုင်းနိုင်ငံထက်သာသော်လည်း ထိုင်းနိုင်ငံနှင့် ပင်လယ်ပြင်ထိတွေ့ဧရိယာမှာ မြန်မာနိုင်ငံလောက် မရှည်လျား ပါ။ ထိုင်းနိုင်ငံ ပြည်နယ်အသီးသီးရှိ တက္ကသိုလ်တိုင်းနီးပါးလောက်တွင် ငါးမွေးမြူရေးမဟာဌာန (Faculties of Fishery and Aqua-Sciences) များစွာ ရှိပါသည်။ ဗန်ကောက်မြို့ရှိ ကက်ဆက်ဆက်တက္ကသိုလ် ငါးမွေးမြူရေး မဟာဌာနမှာ အလွန်ကြီးမားပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ များလည်း တက်ရောက်သင်ယူလျက်ရှိကြပါသည်။

ဇယား(၂) ကမ္ဘာ့နိုင်ငံအလိုက် ရေထွက်ပစ္စည်းနှင့် ငါးပုစွန် ထုတ်လုပ်မှုနှင့် ဖမ်းဆီးရမှု (၂၀၁၉) မက်ထရစ်တန် ထောင်ပေါင်း Source: FAO/World Bank, 2019

ငါးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာပေးသည့် ခုနစ် ခုမြောက် အရေးပါသည့်ကဏ္ဍဖြစ်ပါသည်

ဇယား(၃) မြန်မာ့နိုင်ငံခြား ထုတ်ကုန်တန်ဖိုးနှင့် ရာခိုင်နှုန်း (၂၀၁၈)
Source: CSO (2018)

ရေချို ငါး၊ ပုစွန် မွေးမြူရေးသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေချိုဒေသ မြစ်ချောင်း၊ အင်းအိုင် ဧရိယာအကျယ်အဝန်း ကီလိုမီတာ လေးသိန်းကျော်ရှိပြီး ကမ်းရိုးတန်းဒေသမှာ ကီလိုမီတာ နှစ်သောင်းကျော်၊ အင်းအိုင်၊ မြစ်ချောင်း များတွင် ကီလိုမီတာ ဧရိယာ သုံးသောင်းနီးပါးခန့်ရှိပါသည်။ ကမ္ဘာ့ထုတ်လုပ်မှု အဆင့် (၁၃) ရှိသော်လည်း အဆင့်မြင့်နည်းပညာဖြင့် လုပ်ကိုင်နေခြင်း မဟုတ် ဘဲ ဖမ်းဆီးရရှိမှုအနေဖြင့်သာ ထုတ်လုပ်နေခြင်း ဖြစ်ပါသည်။

ပိုမိုအဆင့်မြင့်သည့် နည်းပညာကို အသုံးပြုပြီး ငါး၊ ပုစွန် အမျိုးအစား ခွဲခြားခြင်း၊ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင် မွေးမြူထုတ်လုပ်မှုမှာ တက္ကသိုလ် များတွင် အဆင့်မြင့်ပညာ သင်ကြား၊ သင်ယူ၊ သုတေသနပြုလုပ်မှသာလျှင် ရေရှည်တည်တံ့ပါမည်။

ငါးမွေးမြူရေး ဘာသာကို ရန်ကုန်တက္ကသိုလ် သတ္တဗေဒဘာသာရပ် အောက်တွင် ဘာသာခွဲတစ်ခုအနေဖြင့် စတင်သင်ကြားရာမှ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပညာဌာန ပေါ်ပေါက်လာရပါသည်ဟူ၍ ဒေါက်တာကေလွင်ထွန်းက ပြောပါသည်။ ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံအစိုးရတို့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် GIZ တို့မှ ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိသော မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းမှလည်း ငါးလုပ်ငန်းဆိုင်ရာ သိပ္ပံဘွဲ့အစီအစဉ်ကို ပံ့ပိုးပေးလျက်ရှိပါ သည်။

သင်ကြားပေးသော ဘာသာရပ်များမှာ ငါး၊ ပုစွန် ဇီဝဗေဒ (Fishery Biology)၊ အခြေခံငါးမွေးမြူရေးနှင့် ရေလုပ်ငန်း (Introduction to Fisheries and Aquaculture)၊ ကျောရိုးရှိ/ကျောရိုးမဲ့ ရေနေသတ္တဝါများ (Aquatic Invertebrate/Vertebrate)၊ ငါး၊ ပုစွန်ရောဂါများ (Fish/Shrimp Diseases)၊ မွေးမြူရေးဆိုင်ရာစီမံခန့်ခွဲမှု (Aquaculture Management)၊ ငါးသားဖောက် နည်းပညာ (Hatchery Technology)၊ ငါးအာဟာရဗေဒနှင့် အစာကျွေးခြင်းနည်း ပညာ (Fish Nutrition and Feeding Technology)၊ ဖမ်းဆီးပြီးနောက်ပိုင်း ပြုပြင်ထုတ်လုပ်မှုနည်းပညာ (Post-Harvest Technology)၊ ငါး၊ ပုစွန် ထုတ်ကုန်များ အရည်အသွေးထိန်းချုပ်ရေး (Quality Assurance of Fishery Products)၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း (Water Quality Analysis)၊ ရေလုပ်ငန်း၏ ဇီဝနည်းပညာ (Biotechnology in Aquaculture)၊ ရေပြင် ညစ်ညမ်းမှုနှင့် အဆိပ်ဖြစ်စေနိုင်ခြင်း လေ့လာသောပညာ (Aquatic Pollution and Toxicology)၊ ငါး၊ ပုစွန်ရောင်းဝယ်ဖောက်ကားခြင်းပညာ (Aquaculture Business)၊ ငါး၊ ပုစွန်ကန်များ၊ ထုတ်လုပ်မှု၊ ဖမ်းဆီးရမိမှုများ ကြီးကြပ်ကွပ်ကဲခြင်း ပညာ (Farm Management) စသည်တို့အပါအဝင် ကျောင်းသား ကျောင်းသူ များသည် ငါး၊ ပုစွန် မွေးမြူရေးကန်များ၊ ဓာတ်ခွဲခန်းများ၊ ငါးအစာစက်ရုံများ၊ ငါးသားဖောက်စခန်းများ အပါအဝင် လုပ်ငန်းခွင်အတွေ့အကြုံရယူရင်း သင် ယူကြရမည်ဖြစ်ရာ နိုင်ငံတော်၏စီးပွားရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အချိန်တိုအတွင်း တိုက်ရိုက်အကျိုးပြုနိုင်သည့် ဘာသာရပ်ဖြစ်သည့်အတွက် ငါးပညာဘာသာရပ်အဖြစ်မှ ဖွဲ့စည်းပုံမြှင့်တင်၍ ငါးပညာဌာန (Department of Fisheries and Aquaculture) ၊ ထိုမှတစ်ဆင့် မဟာဌာန (Faculty of Fisheries and Aquaculture) အဖြစ် အမြန်ဆုံး ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးရှိလာမည်ဖြစ်ပါသည်။

ကိုဗစ်အလွန်ကာလတွင် ငါးလုပ်ငန်းဆိုင်ရာ အထူးပြုဘာသာရပ်မှ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများသည် ထူထောင်မည့် မဟာဌာနအတွက် ကြီးမားသော အထောက်အပံ့များ ဖြစ်စေနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် အရေးပါလှသော အသုံးချသိပ္ပံ (Applied Science) ဘာသာရပ်တစ်ခု ပေါ်ထွန်းလာရင်း တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အတွက် အထောက်အကူပြုနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါ သည်။