ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သဘာဝရေ သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အလျောက် ရေသယံဇာတသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သကဲ့သို့ စိန်ခေါ်မှု များစွာကိုလည်း ဖြစ်ပေါ်စေပါသည်။ ထိုရေသယံဇာတ များကို ထိရောက်ပြီး စည်းစနစ်ကျစွာ စီမံခန့်ခွဲနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိပါသည်။
ရေသည် စိုက်ပျိုးရေးအတွက်သာမက သက်ရှိ အားလုံးအတွက် အခြေခံလိုအပ်ချက် (Essential Requirement) ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးတွင် သာမက ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သယ်ယူ ပို့ဆောင်ရေးအားလုံးအတွက် ဘက်ပေါင်းစုံမှ လိုအပ် လျက်ရှိပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ရေလေ့လာမှုဌာနအသစ် ဖွင့်လှစ်ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ ဘွဲ့ကြို သင်တန်း သိပ္ပံဘွဲ့(ရေလေ့လာရေးပညာ) B.Sc. (Water Studies) ကို ဖွင့်လှစ်ရန် ပြင်ဆင်နေပါပြီ။ သင်ကြားရေး အစီအစဉ်များအဖြစ် ရေပညာရပ်ဆိုင်ရာဘွဲ့ကြိုသင်တန်း (B.Sc Water Studies) နှင့် ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာသင်တန်း(Post-graduate Diploma in Water Studies) ကို ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင်လည်းကောင်း၊ ရေပညာရပ်ဆိုင်ရာ မဟာဘွဲ့သင်တန်း (M.Sc Water Studies) ကို ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင်လည်းကောင်း စတင်ပို့ချမည်ဖြစ်ပါသည်။
အခြားနိုင်ငံတက္ကသိုလ်များတွင် မြေအောက်ရေနှင့် ရေ၏အရည်အသွေး (Ground Water and Water Quality)၊ ရေနှင့်ပတ်သက်သော အင်ဂျင်နီယာ (Water Engineering)၊ ရေနှင့် ရာသီဥတုအန္တရာယ် (Water and Climate Risk)၊ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု (Water Resources Management)၊ ရေနှင့် လူမှုဘဝ (Water and Humanity) စသည်ဖြင့် ရေကိုအကြောင်း ပြု၍ လေ့လာမှုများစွာ ရှိပါသည်။
ရေနှင့် စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးများတွင် တိရစ္ဆာန်နှင့် သီးနှံရေလိုအပ်ချက် (Animal and Crop Water Requirement)၊ မြေဆီလွှာအတွင်းရှိ ရေနှင့် အစိုဓာတ်များ (Soil Water and Soil Moisture)၊ ရေသွင်း ရေထုတ်ခြင်းကို စီမံခန့်ခွဲခြင်း (Irrigation and Drainage Management)၊ ရေသွင်းရေထုတ်ခြင်း အင်ဂျင်နီယာ ပညာ (Irrigation and Drainage Engineering) စသည်ဖြင့် ဘာသာရပ်ပေါင်းစုံ လေ့လာစရာများစွာရှိလှပါသည်။
ရေသွင်းနည်းအမျိုးမျိုးမှာ –
(က) ဆည်မြောင်းများမှ ရေဖုံးလွှမ်း၍ ရေသွင်းခြင်း (Flood Irrigation)၊
(ခ) မြောင်းများဖြင့် အပင်များကြားတွင် ရေသွင်း ခြင်း (Furrow Irrigation)၊
(ဂ) အလိုအလျောက် ရေဖျန်းပေးသည့်စနစ်ဖြင့် ရေပေးခြင်း (Sprinkler Irrigation)၊
(ဃ) အစက်ချ ရေပေးစနစ်ဖြင့် ရေပေးခြင်း (Drip Irrigation)တို့ ဖြစ်ပါသည်။ ဤနည်းစနစ်မှာ အစ္စရေးနိုင်ငံကဲ့သို့ ရေအလွန်ရှားပါးလှသော နိုင်ငံများ၊ သဲကန္တာရများတွင် တွင်ကျယ်စွာ အသုံးပြုနေသော နည်းစနစ် ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးကဲ့သို့ အပူပိုင်းဒေသများ၌ စနစ်တကျ အသုံးပြုနိုင်ပါသည်။ တချို့သီးနှံ များတွင်လည်း လက်တွေ့အသုံးချနေပါပြီ။ ၎င်း၏အားသာချက်မှာ ရေကိုအလွန်ချွေတာ နိုင်ပြီး မြေဆီဩဇာပါ ပူးတွဲထည့်သုံးနိုင်ခြင်း (Fertigation) နည်းစနစ်ကိုလည်း ပြုလုပ် နိုင်ပါသည်။ စိန်ခေါ်မှုများအဖြစ် ကျွမ်းကျင် ပညာရှင်များလိုအပ်ခြင်း၊ ပစ္စည်းတန်ဖိုးကြီး မြင့်ခြင်း၊ ပိုက်ကဲ့သို့သော အပိုပစ္စည်းများကို နိုင်ငံခြားမှမှာယူရ၍ ဈေးကြီးနိုင်ပါသည်။
ရေသိပ္ပံပညာ (Water Science) နှင့် ပတ်သက် လာလျှင် နယ်သာလန်နိုင်ငံ တွင်တီးတက္ကသိုလ် (University of Twente) ရှိ ဘူမိသုတသိပ္ပံနှင့် မြေဆီလွှာလေ့လာခြင်း မဟာဌာန (ICT – Faculty of Geo-Information Science and Earth Observation) ကပေးသော ဘွဲ့ကြို၊ ဘွဲ့လွန် ပညာရပ်များသည် ကမ္ဘာ့အသိအမှတ်ပြု ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့၏ ပညာတော် သင်ဆု (Scholarships) များစွာလည်းရှိပါသည်။ အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်တက္ကသိုလ် (University of Wisconsin, Madism) မှ ရေအရင်းအမြစ် အင်ဂျင်နီယာပညာ (Water Resources Engineering)၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California Davis) မှ ရေစီမံခန့်ခွဲမှုနှင့် ရေသွင်းနည်းပညာ အင်ဂျင်နီယာ (Water management and Irrigation Engineering) တို့သည် ကမ္ဘာ့နာမည်ကြီးတက္ကသိုလ် များဖြစ်ပါသည်။ ထိုတက္ကသိုလ်များသို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ သုတေသနသိပ္ပံများက ပညာရှင်များစွာ စေလွှတ်၍ ရေ၊ မြေ၊ ဘာသာရပ်ပေါင်းစုံကို လေ့လာစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ရေပညာရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန် ဒီပလိုမာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာကို အမေရိကန်၊ အင်္ဂလန်၊ ဆွီဒင်၊ နယ်သာလန် နှင့် ဟန်ဂေရီနိုင်ငံတို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ပူးပေါင်း၍ ရေးဆွဲလျက်ရှိပါသည်။ နယ်သာလန် တက္ကသိုလ်များ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဖောင်ဒေးရှင်း “NUFFIC Orange Knowledge Program” ၏ပံ့ပိုးမှုဖြင့် ပြည်တွင်း၊ ပြည်ပရှိ ရေဘက် ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရဌာနများ၌ အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ ဈေးကွက်သုတေသန (Labor Market Assessment Survey) ကို လုပ်ဆောင်ခဲ့ပြီး ၎င်းရလဒ်အပေါ်မူတည်၍ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းတွင် သဘာဝသိပ္ပံ (Natural Science) နှင့် လူမှုရေးသိပ္ပံ(Social Science) နှစ်ခုလုံးအား ပေါင်းစပ်သင်ကြားမည် ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဈေးကွက် သုတေသနရလဒ်အပေါ်မူတည်၍ လိုအပ်ချက်များနှင့် ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းကို ရေးဆွဲထားသော ကြောင့် Water Studies ဘွဲ့ရများသည် စက်ရုံလုပ်ငန်း များတွင် ရေဘက်ဆိုင်ရာကျွမ်းကျင်သူများ “Water Experts” အဖြစ်လည်းကောင်း၊ အစိုးရဌာနများ၌ သာမက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ရေဘက်ဆိုင်ရာ အရာရှိများ “Water Officers” အဖြစ် လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ နိုင်မည်ဖြစ်သည်။
ကိုဗစ်အလွန်ကာလတွင် ရေလုပ်ငန်းဆိုင်ရာ အထူးပြုဘာသာရပ်မှ ဆရာများ၊ ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အမှန်တကယ် အရေးပါလှသော အသုံးချသိပ္ပံ (Applied Science) ဘာသာရပ်တစ်ခု ပေါ်ထွန်းလာရင်း တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အတွက် အထောက် အကူပြုနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ။